စစ်တွေ၊ အောက်တိုဘာ (၆)

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား တစ်ကျော့ပြန်တိုက်ပွဲနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ (ANP) က သဘောထားထုတ်ပြန်ခဲ့တဲ့အတွက် စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင် (UEC) နဲ့ လာတွေ့ဖို့ စာပို့ထားတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရခိုင်အမျိုးသားပါတီဟာ ရခိုင်ပြည်နယ်အတွင်း တကျော့ပြန်တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာ၊ဒဏ်ရာရရှိတာ၊နေအိမ်ပျက်စီးဆုံးရှုံးမှုတွေအပြင် မြို့နယ်တချို့မှာ ကုန်းလမ်း၊ရေလမ်း အသုံးပြုခွင့် အကန့်အသတ်မရှိ ပိတ်ဆို့ ထားတဲ့ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့မှာ သဘောထား ထုတ်ပြန်ခဲ့တာပါ။

အဲဒီထုတ်ပြန်ချက်ထဲမှာတော့ ရခိုင်ပြည်အတွင်းရှိ ရပ်ကွက်ကျေးရွာတွေကို အကာအကွယ်ယူပြီး တိုက်ပွဲဖော်ဆောင်တာ မပြုကြဖို့ လက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း အလေးအနက် မေတ္တာရပ်ခံခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ကနေ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးတာ၊ ဒဏ်ရာရရှိတာ၊ လူနေအိမ်တွေ ပျက်စီးဆုံးရှုံးမှုဖြစ်စဉ်တွေအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချထားတာပါ။

အခုလို သဘောထား ထုတ်ပြန်မှုအပေါ် စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမယ့် အောက်တိုဘာ ၁၂ ရက်နေ့မှာ လာရောက်တွေ့ဆုံဖို့ ရခိုင်အမျိုးသားပါတီကို ဆင့်ခေါ်ထားတာ ဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဆင့်ခေါ်စာကို အောက်တိုဘာ ၄ ရက်နေ့ ညနေပိုင်းလောက်မှသာ ရရှိတဲ့အတွက် သွားတွေ့ဖို့ ရှိ၊ မရှိ ပါတီတွင်း ဆွေးနွေးရဦးမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရခိုင်အမျိုးသားပါတီရဲ့ သဘောထားထုတ်ပြန်ချက်ထဲမှာတော့ စစ်ကောင်စီဘက်က လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေကြတဲ့ INGOs၊ NGOs နဲ့ CSOs တွေကိုလည်း သွားလာခွင့်နဲ့ ကူညီခွင့်တွေ ပိတ်ပင်ထားမှုကို ပြန်လည်ဖွင့်ပေးဖို့ တောင်းဆိုထားတာပါ။

ဒါ့အပြင် စစ်ပွဲဧရိယာနဲ့ စစ်ပွဲနဲ့ မပတ်သက်တဲ့ နေရာတွေအပါအဝင် မြို့နယ်တချို့ကို ကုန်းလမ်း၊ရေလမ်း အကန့်အသတ်မရှိ ပိတ်ဆို့ထားတာက အဲဒီဒေသရှိ ဒေသခံပြည်သူ လူမျိုးပေါင်းစုံရဲ့ အသက်ရှင်နေထိုင်ရေးကို ခြိမ်းခြောက်တာဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီက ရှုမြင်တယ်လို့ ဖော်ပြထားပါတယ်။

ရခိုင်အမျိုးသားပါတီဟာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ လွှတ်တော်ကိုယ်စားလှယ်နေရာ စတုတ္ထ အများဆုံး အနိုင်ရထားတဲ့ တိုင်းရင်းသားအင်အားကြီး နိုင်ငံရေးပါတီတစ်ခု ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.