ကျိုက်ထို၊ အောက်တိုဘာ (၆)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေရွာရှိ စစ်ကောင်စီ ကင်မွန်းချောင်းနယ်မြေရဲစခန်းဟာ အောက်တိုဘာ ၅ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က ဒရုန်းအပြင် လက်နက်ကြီးတွေနဲ့ လာရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည် ၂ လုံးဟာ ရဲစခန်းဝင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် အဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒါပေမယ့် အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီရဲတပ်ဖွဲ့တွေရဲ့ ထိခိုက်ဒဏ်ရာရှိမှု အခြေအနေ အသေးစိတ် အချက်အလက်ကိုတော့ သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

စစ်ကောင်စီရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာကြောင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံတွေနဲ့ ကျိုက်ထီးရိုးတောင်ခြေမှာရှိတဲ့ ေဈေးရောင်းချသူတွေ ဆိုင်ပိတ်ပြီး ဘေးလွတ်ရာ နေရာတွေကို ယာယီတိမ်းရှောင်ခဲ့ရပါတယ်။

ကျိုက်ထိုမြို့နယ်ရှိ ကင်မွန်းချောင်းနယ်မြေရဲစခန်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ၃ ကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.