မော်လမြိုင် – အောက်တိုဘာ(၅)

ပြည်သူ့ပညာရေးကျောင်း(၁) ထောင်ကျော်နဲ့ အွန် လိုင်း စာသင်ကျောင်းပေါင်း(၆၀) ကျော်ကို ဖွင့် လှစ်နိုင်ပြီဖြစ်သလို တက္ကသိုလ်အသွင်နဲ့ သင်ကြား ပို့ချနိုင်တဲ့ အဆင့်ကို ရောက်ရှိနေပြီလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒီနေ့ အောက်တိုဘာလ(၅) ရက်နေ့မှာ ကျရောက်တဲ့ (၅၅) နှစ်မြောက် ကမ္ဘာ့ဆရာများနေ့ မိန့်ခွန်း မှာအခုလိုထည့်သွင်းပြောဆိုခဲ့တာပါ။

“အားလုံးရဲ့ကြိုးစားအားထုတ်မှုဖြင့် ယခုဆိုလျှင် မြေပြင် ပြည်သူ့ပညာရေးကျောင်းပေါင်း(၁) ထောင် ကျော်အွန်လိုင်းကျောင်းပေါင်း (၆၀) ကျော်နှင့် တက္ကသိုလ်အသွင် သင်ကြား ပို့ချနိုင်သည့် အခြေ အနေများအထိ ပေါ်ထွက်လာခဲ့ပြီ ဖြစ်တယ်” လို့ ယာယီသမ္မတကပြော ပါတယ်။

ဒါ့အပြင် ပညာရေးနယ်ပယ်က ဆရာ/ဆရာမတွေဟာ ဖက်ဒရယ်ဒီမိုကရေစီပညာရေးအတွက် အဓိကဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်ကို နွေဦးတော်လှန်ရေးနဲ့အတူ အုတ်မြစ်ချ တည်ဆောက်သွားလို့ ရှိတယ်လို့ သူက ပြောပါသေးတယ်။

အာဏာသိမ်းစစ်ကောင်စီကတော့ သူတို့ရဲ့ လက်အောက်ခံ ဆရာ/ဆရာမတွေနဲ့ အခြေခံပညာ ကျောင်းတွေကို ဖွင့်လှစ်ပြီး သူတို့ရဲ့ အုပ်ချုပ်ရေးကို ပြည်သူတွေလက်ခံလာတဲ့ ပုံစံမျိုးနဲ့ နိုင်ငံတကာ ကို လိမ်လည်နေတာဖြစ်ပါတယ်။

ဒါပေမယ့် စစ်ကောင်စီက ဖွင့်လှစ်သင်ကြားနေတဲ့ ကျောင်းတွေကိုတော့ မိဘတွေက သားသမီးတွေ ကိုစိတ်မချတာနဲ့ စစ်ကျွန်ပညာရေးအလိုမရှိဘူးဆိုတဲ့ လှုပ်ရှားမှုတွေကြောင့် တက်ရောက်သူ နည်းပါး နေပါတယ်။

“အခုလိုဖွင့်လာနိုင်တယ်ဆိုတော့ ကျွန်တော်တို့က ဝမ်းသာရတာပေါ့နော် ကြားကာလပညာရေးစနစ် ကိုဖော်ဆောင်နေတာဖြစ်တဲ့အတွက် အဆင်ပြေတာပေါ့နော် အဲ့ဒီလို ဖွင့်လှစ်တဲ့နေရာမှာ ကလေးတွေ နဲ့သင်ကြားရေးဆရာ/ဆရာမတွေအတွက်လုံခြုံစိတ်ချရမှုရှိတယ်ဆိုရင်ကောင်းတာပေါ့ ကလေးတွေ အတွက်ပညာရေးက အဆက်အသွယ်ပြတ်နေလို့ကောင်းတဲ့အရာမဟုတ်ဘူးလေ” လို့ CDM ကျောင်း ဆရာမတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

အခုလို မြေပြင်စာသင်ကျောင်းတွေနဲ့ အွန်လိုင်းစာသင်ကျောင်းတွေမှာ သင်ကြားဖို့အတွက် CDM ဝင်ထားတဲ့ ဆရာ/ဆရာမတွေကို ဆက်သွယ်လာတာမရှိသေးဘူးလို့ သူက ပြောပါသေးတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၆) ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာက ကိုယ်ထူကိုယ်ထစာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းကနေပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ်တွေအပါအဝင် ပြည်သူ (၁၃)ဦးသေဆုံးခဲ့ရသလို ဆရာဆရာမနဲ့ကလေးငယ်အယောက် (၂၀) လောက်ဖမ်းဆီးခံခဲ့ရပါတယ်။

လက်ယက်ကုန်းဖြစ်စဉ်လို ကလေးတွေကို အစုလိုက်အပြုံလိုက်အသစ်ခံရတဲ့ အခြေအနေမျိုး မဖြစ် ပွားဖို့အတွက် ကလေးသူငယ်အရေးလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောဆိုတာ တွေရှိနေပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ အခုချိန်ထိ စာသင်ကျောင်းတွေမှာ တပ်စွဲနေထိုင်တာ ၊လက်နက်ကြီးတွေ နဲ့ပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေမကြာခဏလုပ်ဆောင်နေတဲ့အတွက် မြန်မာနိုင်ငံမှာ ကလေးသူငယ်(၃၅၀) လောက်သေဆုံးထားပြီး ဓားစာခံအဖြစ်(၁၅၀၀) ကို ဖမ်းဆီးခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.