လွိုင်ကော်၊ စက်တင်ဘာ (၃၀)
ကယားပြည်နယ်၊ လွိုင်ကော်လေဆိပ်မှာ ခရီးသည်တင်လေယာဉ်တစ်စီး ပစ်ခတ်ခံရမှုဖြစ်ပွားခဲ့ပြီး ခရီးသည်တစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီ ဖြစ်စဥ်ဟာ ဒီကနေ့စက်တင်ဘာလ ၃၀ရက်၊ နံနက် ၈နာရီ၅၀ခန့်က ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ရန်ကုန်မှလွိုင်ကော်ကို ဆိုက်ရောက်လာတဲ့ ခရီးသည်တင်လေယာဉ်မှာ ပစ်ခတ်ခံခဲ့ရတာပါ။
“ဖြစ်စဉ်ကတော့ မှန်ပါတယ်။ လေဆိပ်အဆင်းမှာ လက်နက်ငယ်နဲ့ ပစ်ခတ်ခံရတာ၊ ခရီးသည်တစ်ဦးထိတယ်လို့ပြောနေတယ်၊ ကျန်တာတော့မသိရသေးဘူး”လို့ လေဆိပ်နဲ့နီးတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်သူက ပြောပါတယ်။
ခရီးသည်တင်လေယာဉ်ဟာ MNA လေကြောင်း လိုင်းပိုင် လေယာဥ်ဖြစ်နိုင်တယ်လို့ ပြောဆိုမှုများလည်းရှိနေတာပါ။
ရန်ကုန်မြို့မှ လွိုင်ကော်လေဆိပ်ကို ဆင်းသက်လာတဲ့အချိန်မှာ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး လေယာဥ်ကြမ်းခင်းပေါက်သွားခဲ့သလို ခရီးသည်တစ်ဦး ထိမှန်ခဲ့တာပါ။
အခုလို ပစ်ခတ်ခံရမှုကို ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာကိုတော့ သိရှိရခြင်းမရှိသေးပဲစစ်ဆေးမှုတွေပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။
လွိုင်ကော်လေဆိပ်ကို ဆင်းသက်လေ့ရှိတဲ့ လေကြောင်းလိုင်းအနေနဲ့ကတော့ MNA နဲ့ Air KBZ လေကြောင်းလိုင်းတို့ ပဲ ရှိ နေတာပါ။
သတင်း – သံလွင်တိုင်းမ်