ဖာပွန်၊ စက်တင်ဘာ (၃၀)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)ထိန်းချုပ်နယ်မြေအတွင်း ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့ သုံးရက်အတွင်း KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ KNU တပ်မဟာ(၅)က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့က ဖာပွန်ခရိုင် ကျော်ခယ်ထာ ကော်ထယ်ဒဲဒေသနဲ့ ဖာပွန်-ကမမောင်းလမ်းပိုင်း ကလာလော်ကလိုးနဲ့နိုဖေါထီးရွာကြား စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်က နှစ်ကြိမ် ခြုံခိုတိုက်ခိုက်ပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က (၅)ဦးသေဆုံးပြီး (၃)ဦး ဒဏ်ရာရရှိခဲ့တာပါ။

ဒါ့အပြင် စက်တင်ဘာ ၂၇ ရက်နေ့မှာလည်း ဖာပွန်ခရိုင် လူသောမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား ထိတွေ့တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ ၁ ဦး သေဆုံးခဲ့တာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ကလည်း ဘူးသိုမြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ ခေါပုပ်စခန်းကို KNLA တပ်မဟာ(၅) ခြုံခိုဝင်ရောက် တိုက်ခိုက်ရာ အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ ၂ ဦး ထပ်မံ သေဆုံးခဲ့တာပါ။

ဖာပွန်ခရိုင်က သုံးရက်အတွင်း တိုက်ပွဲမှာတော့ စစ်ကောင်စီတပ်ဖွဲ့ ၈ ဦး သေဆုံးခဲ့ပြီး KNLA တပ်မဟာ(၅) ဘက်က ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တဆက်တည်းမှာပဲ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF တပ်ရင်းအမှတ် (၁၀၁၄) တပ်ဖွဲ့ဝင်တွေက ဖာပွန်-ကမမောင်းလမ်းပိုင်းရှိ ဖာပွန်-ကတိုင်တိကြား ကုန်းလမ်းနဲ့ ရေလမ်းတွေကို ဒေသခံပြည်သူလူထုကို သွားလာခွင့်မပြုတော့ကြောင်း အမိန့်ထုတ်ပြန်ထားလိုက်ပြီး သွားလာသူများတွေ့ရှိပါက မော်တော်ကား၊ ဆိုင်ကယ်နဲ့ စက်လှေတွေကို ဖမ်းဆီးဖျက်ဆီးသွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ဖာပွန်ခရိုင်အတွင်းမှာ စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်တွေက လူ့အခွင့်အရေးချိုးဖောက်မှု နေ့စဉ်ရက်ဆက် ကျူးလွန်နေတဲ့အတွက် KNLA ဘက်က ပြည်သူလူထုကို ကာကွယ်တဲ့အနေနဲ့ စစ်ကောင်စီနဲ့ တိုက်ပွဲတွေဖြစ်ပွားနေရတာလို့ ဒေသတွင်းစစ်ဖက်ဆိုင်ရာအရာရှိတစ်ဦးက ပြောကြားကြောင်း တပ်မဟာ(၅)က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.