မော်လမြိုင် – စက်တင်ဘာ(၃၀)
အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတဲ့ ပြည်တွင်း၊ပြည်ပ ကအလုပ်သမားတွေနဲ့ သင်္ဘောသား တွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အလုပ်သမားဝန်ကြီးဌာနရဲ့ တိုင်ကြားရေးယန္တရားကို ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အလုပ်သမားဝန်ကြီးဌာနအနေနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ပြည်တွင်း၊ပြည်ပ ကအလုပ်သမားတွေရဲ့ နစ်နာမှုတွေကို မှတ်တမ်းယူတာနဲ့ ကူညီဖြေရှင်းပေးတာတွေကို ဆောင်ရွက် နိုင်ဖို့ အလုပ်သမားရေးရာ နစ်နာမှု အချက်အလက်ကောက်ယူရေးနဲ့ တိုင်ကြားရေးယန္တရားကို ပြီးခဲ့တဲ့ ဧပြီလက စတင်ဆောင်ရွက်နေပြီဖြစ်တယ်လို့ သိရပါတယ်။
တိုင်ကြားရေးယန္တရားမှာ ပြည်တွင်း၊ပြည်ပက အလုပ်သမားတွေသာမက အခွင့်အရေး ချိုးဖောက်ခံ နေရတဲ့ သင်္ဘောသားတွေအနေနဲ့ သတင်းပေးပို့ တိုင်ကြားမှုတွေကိုပါ လက်ခံဖြေရှင်းဆောင်ရွက်ပေး သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တော်လှန်ရေးကာလ ဖြစ်တဲ့အတွက် တိုင်ကြားမှုတွေကို အချိန်နဲ့တပြေးညီ ဖြေရှင်းဆောင်ရွက်ပေး နေသလို အရေးယူဖို့ လိုအပ်တဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ ကို စနစ်တက်မှတ်တမ်း တင်ထားပြီး ပြည်သူ့အစိုးရ တာဝန်ယူချိန်မှာ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုထားပါ တယ်။
လက်ရှိအချိန်မှာတော့ ပြည်တွင်းမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကို စက်ရုံတွေဘက် ကလုပ်ဆောင်နေသလို ပြည်ပရောက်အလုပ်သမားတွေကိုလည်း စစ်ကောင်စီက ပြည်တွင်းကို ငွေလွှဲ ပို့ဖို့ အကြပ်ကိုင်မှုတွေ ရှိနေပါတယ်။
NUG အလုပ်သမားဝန်ကြီးဌာနကို ပြည်တွင်း၊ပြည်ပက အလုပ်သမားတွေရဲ့ အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနေတဲ့ အခြေအနေတိတိကျကျကို သိရဖို့ သံလွင်တိုင်းမ်အနေနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့တော့ မရခဲ့ပါဘူး။
သတင်း – သံလွင်တိုင်းမ်