စစ်ခေါင်းဆောင်က သူတို့အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နေပြီးလို့ ပြောလာတာ တွေ့ရပါတယ်။ အဲလို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာလည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖက်ဒရယ်ပဲ ပေးမယ်လို့ ပြောတဲ့အပေါ်မှာ PPST အနေနဲ့ ဘယ်လို မြင်ပါသလဲ။

ဒီအပေါ်မှာ အထွေအထူးတော့ သိပ်မရှိပါဘူး။ ပြီးခဲ့တဲ့ ထုတ်ပြန်ချက်တို့ ဘာတို့မှာလည်း ကျွန်တော်တို့ မကြာခဏ ပြောထားတာရှိတယ်လေ။ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ဖို့ဆိုတာ လိုအပ်တယ်။

ဒီမိုကရေစီနဲ့ဖယ်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်နိုင်မှသာလျှင် ရေရှည်အာမခံချက်ရှိတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာဖြစ်တယ်လို့ ကျွန်တော်တို့ နှစ်ဖက်စလုံးက နားလည်ထားပါတယ်။

ပါ၀င်သင့်သူများအားလုံး ပါ၀င်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကနေ စေ့စပ်ညှိ့နိုင်းအဖြေရှာတဲ့ရလဒ်အပေါ်မှာ ဒီမိုကရေစီနဲ့ဖယ်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုကို တည်ဆောက်ဖို့ဆိုတာကတော့ အတူတူနားလည်မှုရှိထားတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ သို့သော်လည်း အားလုံးပါ၀င်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကတော့ လက်ရှိအခြေအနေကတော့ ကြိုးပမ်းနေဆဲ ကာလပဲဖြစ်ပါတယ်။

စစ်ခေါင်းဆောင်က အခုလို ပြောနေတဲ့အချိန်မှာ တိုင်းရင်းသားတွေ လိုချင်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနဲ့ ပတ်သက်ပြီးတော့ ဘာတွေ ပြောကြားချင်တာ ရှိမလဲ။

ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကြားမှာလည်း  အလုပ်ရုံဆွေးနွေးပွဲတွေ အကြိမ်ကြိမ်လုပ်ပြီးတော့ ဖယ်ဒရယ်နဲ့ပက်သက်တဲ့ပညာရပ်တွေ ဖယ်ဒရယ်နိုင်ငံတည်ဆောက်ခဲ့တဲ့ ပြည်ပနိုင်ငံက အတွေ့အကြုံတွေကို  အများကြီးလေ့လာမှုတွေ လုပ်ခဲ့တယ်။ ကမ္ဘာ့ပေါ်မှာရှိတဲ့ ဖက်ဒရယ်နိုင်ငံ တစ်နိုင်ငံနဲ့တစ်နိုင်ငံ တူညီတာတော့ မရှိပါဘူး။ သူ့နိုင်ငံရဲ့ပထဝီအနေအထား သူ့နိုင်ငံရဲ့သမိုင်း နောက်ခံ ဖြတ်သန်းမှု အပေါ်မှာ အပြန်အလှန် ညှိ့နှိုင်းဖော်ဆောင် တည်ဆောက်ကြတယ်လို့ ကျွန်တော်တို့ အဲ့လိုမြင်ပါတယ်။ နိင်ငံတကာမှာ ကျင့်သုံးနေတဲ့ ဖက်ဒရယ်စနစ်အမျိုးမျိုးရှိတဲ့ထဲက ကျွန်တော်တို့ နိုင်ငံနဲ့ လိုက်လျောညီထွေရှိမယ့် ဖက်ဒရယ်နိုင်ငံ တည်ဆောက်ဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့ နှစ်ဖက်စလုံးက နားလည်ထားပါတယ်။

နောက်ဆုံးအနေနဲ့ စစ်ခေါင်းဆောင်က ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖက်ဒရယ်ပဲ ပေးမယ်လို့ ပြောတဲ့အပေါ်မှာ ဘယ်လို တုံ့ပြန်ချင်တာ ရှိမလဲ။

ကျွန်တော်တို့ရဲ့ ညှိ့နှိုင်းဆွေးနွေးမှုအပေါ်မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွက် တိုင်းရင်းသားညီအကိုများအားလုံးရဲ့ သဘောတူညီချက်၊  ဒီမိုကရေစီအင်အားစုတွေ အားလုံး ရဲ့သဘောတူချက်နဲ့ အကျေအလည် ညှိ့နိုင်းဆွေးနွေးသွားပြီးတော့ ကိုယ့်နိင်ငံရဲ့ အခြေအနေနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ်စနစ် ကိုယ့်နိုင်ငံရဲ့ ဖယ်ဒရယ် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်သွားဖို့ကိုပဲ ကျွန်တော်တို့ ခံယူထားပါတယ်ခင်ဗျ။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.