ရန်ကုန်၊ စက်တင်ဘာ (၃၀)
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကျော်အတွင်း အလုပ်သမားတွေရဲ့ ရသင့်ရထိုက်တဲ့ အခြေခံအလုပ်သမားအခွင့်အရေးတွေ လုံးဝဆိတ်သုဉ်းသွားပြီး မတရားဖိနှိပ်ခံနေရတယ်လို့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေးလှုပ်ရှားသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အလုပ်သမားအရေးလှုပ်ရှားသူတွေရဲ့ အဆိုအရ အာဏာသိမ်းမှုအတွင်း အလုပ်သမားတွေရဲ့ အခြေခံအခွင့်အရေးတွေကို အပြည့်အဝ မရရှိတဲ့အပြင် လူ့အခွင့်အရေးတွေကိုပါ ချိုးဖောက်ခံနေရတာလို့ ဆိုကြပါတယ်။
စက်ရုံ၊အလုပ်ရုံမှာ အလုပ်သမားတွေရဲ့ တစ်ရက် အလုပ်လုပ်ချိန် ၈ နာရီမှာ သတ်မှတ်ထားပေမယ့် အလုပ်ရှင်တွေဘက်က မလုပ်နိုင်တဲ့ စံချိန်တွေကို တောင်းပြီး အတင်းအဓမ္မစေခိုင်းတာတွေ၊ ညဆိုင်းအချိန်ပိုတွေကိုလည်း လုပ်အားခ မပေးဘဲ ခိုင်းစေတာတွေ ရှိလာတာပါ။
ဒါ့အပြင် အများပြည်သူအလုပ်ရုံးပိတ်ရက် တနင်္ဂနွေနေ့တွေမှာလည်း လုပ်အားခမရဘဲ အချိန်ပိုဆင်းပေးနေရပြီး အလုပ်သမား အခွင့်အရေးတွေ ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခံနေရတယ်လို့ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
“အလုပ်ပိတ်ရက် ခွင့်ရက် ဥပဒေကိုလည်း သူတို့ က (အလုပ်ရှင်) လေးစားလိုက်နာမှု မရှိတော့ဘူး။အလုပ်တစ်ရက် ပျက်တာနဲ့ ရက်မှန်ကြေး၊ အလုပ်သမားတွေရဲ့ ကျွမ်းကျင်မှု အလိုက် ရထားတဲ့ A B C D ဆိုတဲ့ အဆင့်တွေကိုလည်း ချတာတွေ ရှိတယ်၊ လုံဝ မပေးတာတွေ ရှိတယ်။အဲဒီတော့ အလုပ်သမားတွေက သူတို့ အခွင့်အရေးတွေ ဆိုးဆိုးဝါးဝါး ချိုးဖောက်ခံနေရတာတွေကို ပြန်ပြောတယ်၊ ပြန်ပြီးတော့ မေးတာတွေရှိတဲ့ အလုပ်သမားတွေကို ဥပဒေမဲ့ အလုပ်ထုတ်တယ်၊ ဘာနစ်နာကြေးမှ မရဘူး။အမျိုးမျိုး အပြစ်ရှာပြီး အလုပ်ထုတ်တယ်” လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါ့အပြင် စက်ရုံ၊အလုပ်ရုံက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဆိုရင်လည်း မမွေးခင် ခြောက်ပတ်နဲ့ မွေးပြီး ရှစ်ပတ်တာ ခွင့်ရရှိချိန်မှာလည်း ဥပဒေမဲ့ အလုပ်ထုတ်တာတွေလည်း ရှိနေတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူက ဆိုပါတယ်။
မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM)ရဲ့ အဆိုအရ စက်ရုံ၊အလုပ်ရုံက အမျိုးသမီးတွေ ည ၁၀ နာရီနောက်ပိုင်း အချိန်ပိုဆင်းပြီး ပြန်လာတဲ့လမ်းတွေမှာ အဓမ္မပြုကျင့်ခံရတာ၊အုပ်စုဖွဲ့ လုယက်ခံရတာနဲ့ အသတ်ခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိလာတယ်လို့ ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် (ITUC)ကတော့ စစ်တပ်အာဏာသိမ်းပြီး ခြောက်လအကြာမှာ မြန်မာနိုင်ငံဟာ အလုပ်သမား အခွင့်အရေး အချိုးဖောက်ခံရဆုံး ၁၀ နိုင်ငံ စာရင်းမှာ ဝင်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အထည်ချုပ်စက်ရုံ အလုပ်သမားတစ်ဦးကတော့ အာဏာသိမ်းပြီးနောက် အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေ မရှိတော့တဲ့အတွက် အလုပ်သမားအခွင့်အရေးတွေ၊ အကျိုးခံစားခွင့်တွေကို တောင်းဆိုလို့ မရဘဲ ဖိနှိပ်ခံနေရတယ်လို့ ပြောပါတယ်။
“သူတို့ (လုပ်ငန်းရှင်) လိုချင်တဲ့ သူတွေကိုပဲ အလုပ်သမားခေါင်းဆောင်တွေဆိုပြီး ဆွဲသွင်းထားတယ်။ အခုလက်ရှိ ကာလမှာ WCC (အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ) ခန့်ထားတယ်။ WCC ကလည်း အလုပ်သမားဘက်ကို မားမားရပ်တည်ပေးရမယ့်ဟာကို မရပ်တည်ဘူး။အလုပ်ရှင်ပြောသမျှကိုပဲ ခေါင်းညိတ်ပြီး အလုပ်ရှင်ဘက်ကိုပဲ ကြည့်ပေးတယ်၊ အလုပ်သမားအရေးဆို လုံဝ ဝင်စွက်ဖက်ခြင်း မရှိဘူး”လို့ သူက ဆိုပါတယ်။
အလုပ်သမားအရေး လှုပ်ရှားနေတဲ့အဖွဲ့တွေ၊ အလုပ်သမားသမဂ္ဂတွေကို စစ်ကောင်စီ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက စစ်တပ်အာဏာသိမ်းပြီး တစ်လအကြာ ၂၀၂၁ ခုနှစ် မတ်လမှာ တရားမဝင်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့တာပါ။
ဒါ့အပြင် အာဏာသိမ်းမှုကြောင့် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ အလုပ်သမားသမဂ္ဂတွေ၊ အလုပ်သမားအရေး လှုပ်ရှားသူတွေကို စစ်ကောင်စီက ဖမ်းဆီးတာတွေ၊ အလုပ်ရှင်က အလုပ်ဖြုတ်တာတွေ ရှိနေတာပါ။
အလုပ်သမဂ္ဂတွေ မရှိတော့အတွက် အလုပ်သမား အခွင့်အရေးအတွက် တိုင်ကြားလို့ မရတော့တဲ့ အခြေအနေထိ ဖြစ်ပေါ်လာတယ်လို့ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“အလုပ်သမားသမဂ္ဂတွေမရှိတဲ့အပေါ် အလုပ်သမားတွေက အခုဆိုရင် အာဏာသိမ်းမှုနောက်ဆက်တွဲ အကျိုးခံစားခွင့်တွေကို ခံစားနေရတယ်။သမဂ္ဂတွေ မရှိတော့တဲ့အပေါ်မှာ အလုပ်သမားအခွင့်အရေးဆိုတာကိုလည်း ပြောပိုင်ခွင့်မရှိသလို ချိုးဖောက်နေရင်လည်း ဘယ်နေရာကိုမှ တိုင်ကြားလို့ ရတဲ့အနေအထားမျိုး မရှိဘူး” လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
တစ်ဖက်မှာတော့ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ထွက်ခွာနေပြီး အလုပ်အကိုင်ရှားပါးမှုတွေကြောင့် အလုပ်သမားတွေ အလုပ်လက်မဲ့တိုးလာနေချိန်မှာ အလုပ်ရှင်တွေကတော့ လခစား အလုပ်သမားတွေကို မခန့်ကြတော့ဘဲ နေ့စားအလုပ်သမားအဖြစ် ခေါ်ယူတာလည်း ရှိနေတာပါ။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO)ရဲ့ ဩဂုတ် ၁ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီး ၁၈ လအကြာမှာ အလုပ်သမား တစ်သန်းကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အလုပ်အကိုင် ဆုံးရှုံးခဲ့ရတဲ့ အလုပ်သမားတွေဟာ စားဝတ်နေရေး အလွန်အကျွံ ကျပ်တည်းလာတဲ့ အခြေအနေမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် အဘက်ဘက်ကနေ ပိုမိုထိခိုက် ခံစားနေရတယ်လို့ ILO က ဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်