စင်္ကာပူ – စက်တင်ဘာ(၃၀) 

လေယာဉ်အမှုထမ်းတွေကို ကိုယ်ထိလက်ရောက်ကျူးလွန်ပြီး သူ့ရဲ့ လက်ကိုင်အိတ်ထဲမှာ ဗုံး တစ်လုံးပါရှိတယ်ဆိုတဲ့ အသက်(၃၇) နှစ်အရွယ်အမျိုးသားတစ်ဦးကို စင်္ကာပူလေကြောင်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ 

ဆန်ဖရန်စ္စကိုကနေ စင်္ကာပူကို ပျံသန်းလာတဲ့ SQ33 လေယာဉ်ပေါ်မှာ ဗုံးခြိမ်းခြောက်မှု ဖြစ် ခဲ့တယ်ဆိုတဲ့ အစီရင်ခံစာကို မနက် (၂)နာရီ(၄၀) မိနစ်မှာ ရရှိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ 

အဲ့ဒီအမျိုးသားကို လေယာဉ်အမှုထမ်းတွေက ခုခံတားမြစ်ခဲ့ပြီးနောက်ပိုင်းမှာ ရဲတပ်ဖွဲ့က သူ့ကို အကြမ်းဖက်ခြိမ်းခြောက်မှုပြုလုပ်တာ၊ တားမြစ်မူးယစ်ဆေးဝါးသုံးစွဲမှုတွေနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ 

လေယာဉ်ဟာ မနက်(၅) နာရီ(၅၀)မိနစ်မှာ စင်္ကာပူနိုင်ငံလေတပ်က F-16C/D တိုက်လေယာဉ်တွေ လိုက်ပါစောင့်ကြည့်မှုနဲ့ ချန်ဂီလေဆိပ်ကို ဘေးကင်းစွာ ဆင်းသက်ခဲ့တယ်လို့သိရပါတယ်။ 

“သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအတွက် အာဏာပိုင်တွေကို ပူးပေါင်းဆောင်ရွက်နေပြီး နောက်ထပ် အသေးစိတ်အချက်အလက်တွေကို မဖော်ထုတ်နိုင်သေးတဲ့အတွက် စိတ်မကောင်းပါဘူး ရဲတပ်ဖွဲ့ က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်” လို့ လေကြောင်းလိုင်းက ပြောခဲ့ပါတယ်။ 

ဒါ့အပြင် လေယာဉ်လုံခြုံရေးစစ်ဆေးမှုအတွက် ခရီးသည်တွေကို တက္ကစီကားတွေနဲ့ လေဆိပ်ရဲ တပ်ဖွဲ့ဆီလွှဲပြောင်းပေးအပ်ခဲ့သလို လုံခြုံရေးစစ်ဆေးမှုတွေ ပြီးစီးပြီးနောက်လေယာဉ်ကို Terminal – 3 ကို ဆွဲတင်ခဲ့တယ်လို့ စင်္ကာပူလေကြောင်းလိုင်းက ပြောပါသေးတယ်။ 

လေယာဉ်လမ်းကြောင်းခြေရာခံဝက်ဘ်ဆိုက်(Flightradar 24) ရဲ့ အချက်အလက်တွေအရ အဲ့ဒီလေယာဉ်ဟာ စင်္ကာပူနိုင်ငံကို မဆင်းခင် လှည့်ပတ်နေတယ်လို့ ဆိုထားပြီး ဆိုက်ရောက် ချိန်လည်း နှောင့်နှေးမှုမဖြစ်သလို လေယာဉ်ပျံသန်းချိန် (၁၆)နာရီ (၂၅) မိနစ်ဖြစ်တယ်လို့လည်း မှတ်တမ်းတင်ထားပါတယ်။ 

“စင်္ကာပူလေကြောင်းလိုင်းမှ ယခုဖြစ်ရပ်ကြောင့် အဆင်မပြေမှုများအတွက် ထိခိုက်နစ်နာခဲ့ရ သည့် ခရီးသည်များအားလုံးကို တောင်းပန်စကားဆိုခဲ့ပြီး လွဲချော်သွားခဲ့ရတဲ့ ကျွန်ုပ်တို့၏ ဖောက်သည်များအား ပြန်လည်ဘွတ်ကင်လုပ်ရန် ကူညီပေးနေပါတယ်” လို့ စင်္ကာပူလေကြောင်း လိုင်းက ပြောခဲ့ပါတယ်။ 

အကြမ်းဖက်ခဲ့တဲ့ ခရီးသည်ရဲ့ ရမ်းကားမှုကြောင့် လေယာဉ်အမှုထမ်းတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ စင်္ကာပူလေကြောင်းလိုင်းက ထုတ်ပြန်ထားပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.