ဆိုလ်း – ဩဂုတ်(၅) 

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီနဲ့ သူ့ရဲ့ ဆွေးနွေးဘက် တောင်ကိုရီးယား လွှတ်တော် ဥက္ကဌ တို့ဟာ မြောက်ကိုရီးယားနိုင်ငံကို ပြင်းထန်တဲ့ ဟန့်တားမှုတွေကို ဆက်လက် ထိန်းသိမ်းထားပြီး သူတို့ရဲ့ နျူကလီးယား ကင်းစင်ရေး အောင်မြင်ဖို့ ကတိပြုခဲ့ ကြပါတယ်။ 

ပလိုစီဟာ တောင်ကိုရီးယားလွှတ်တော်ဥက္ကဌ ကင်ဂျင်ပျိုနဲ့ တွေ့ဆုံပြီးနောက် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပြီး မြောက်ကိုရီးယားရဲ့ တိုးမြင့်လာတဲ့ နျူလက်နက် နဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေ အပေါ် စိုးရိမ်တယ်လို့ ဖော်ပြခဲ့ကြတာပါ။ 

“မြောက်ကိုရီးယားအပေါ်  ခိုင်မာပြီး တိုးချဲ့တားဆီးမှုကို အခြေခံ၍ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုနှင့် သံတမန်ရေးအရ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် လက်တွေ့ကျတဲ့ နျူကလီး ယားကင်းစင်ရေးနှင့် ငြိမ်းချမ်းရေးရရှိရန် နှစ်နိုင်ငံအစိုးရ၏ ကြိုးပမ်းမှုများကို ထောက်ခံရန် ကျွန်ုပ်တို့ သဘောတူညီခဲ့ကြတယ်” လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။ 

ဒါ့အပြင် ဒေသတွင်းလုံခြုံရေး၊စီးပွားရေးနဲ့ ရာသီဥတုဆိုင်ရာ ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင် ရွက်မှု မြှင့် တင်ဖို့ နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ပလိုစီက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထား ပါတယ်။ 

ပလိုစီဟာ ထိုင်ဝမ်ခရီးစဉ်ပြီးနောက် တောင်ကိုရီးယားကို ရောက်ရှိခဲ့တာဖြစ်ပြီး တောင်ကိုရီးယား လွှတ်တော်ဥက္ကဌ ကင်မ် အပါအဝင် တခြားလွှတ်တော်အမတ်တွေနဲ့ ဆွေးနွေးမှုမပြုလုပ်ခင် ဆိုးလ် မြို့က အမေရိကန်သံရုံးအရာရှိတွေနဲ့ အရင်တွေ့ဆုံထားတယ်လို့ သိရပါတယ်။ 

အမေရိကန်ဦးဆောင်တဲ့ ကုလသမဂ္ဂကွပ်ကဲမှုအဖွဲ့နဲ့ မြောက်ကိုရီးယားတို့ ပူးပေါင်းကင်းလှည့် နေတဲ့ ကိုရီးယားနှစ်နိုင်ငံနယ်စပ်အနီးက ပူးတွဲလုံခြုံရေးနယ်မြေကို နန်စီပလိုစီသွားရောက်ဖို့ စီစဉ်ထားတယ်လို့ တောင်ကိုရီးယား အရာရှိတစ်ဦးက ပြောဆိုထားပါတယ်။ 

သူမဟာ ၂၀၁၉ ခုနှစ်က မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအမ်းနဲ့ တွေ့ဆုံခဲ့တဲ့ သမ္မတဟောင်း ဒေါ်နယ်ထရန့်ပြီးရင် အဲ့ဒီနေရာကို သွားရောက်လည်ပတ်မယ့် အမေရိကန် အဆင့်အမြင့်ဆုံးတာဝန်ရှိသူဖြစ်လာမှာပါ။ 

ဒီသီတင်းပတ်အတွင်းခရီးထွက်ဖို့ စီစဉ်ထားတဲ့ တောင်ကိုရီးယား သမ္မတ ယွန်းဆုခ်ယိုဟာ ပလိုစီ နဲ့တွေ့ဆုံမှာ မဟုတ်ပေမယ့် ဩဂုတ်လ(၄) ရက်နေ့နှောင်းပိုင်းမှာ တယ်လီဖုန်းနဲ့ စကားပြောမှာ ဖြစ်တယ်လို့ အိမ်ပြာတော်က ထုတ်ပြန်ထားပါတယ်။ 

ပလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်ပြီးနော် ယွန်းဟာ တရုတ်နိုင်ငံရဲ့ ရန်စမှုကို ရှောင်ရှားနိုင်ဖို့ ပလိုစီနဲ့ တွေ့ဆုံမယ့် ကိစ္စကိုရှောင်လွှဲနိုင်တယ်လို့ တောင်ကိုရီးယား မီဒီယာတွေက ခန့်မှန်းနေကြပါတယ်။ 

သမ္မတရုံးက တာဝန်ရှိသူတစ်ဦးက ပလိုစီကို ကြိုဆိုပြီး သူမရဲ့ ခရီးစဉ်ချောမွေ့ပါစေလို့ ဆုမွန်ကောင်း တောင်းထားပေမယ့် အဲ့ဒီသတင်းတွေနဲ့ ပတ်သက်ပြီး မှတ်ချက်တစုံတရာပေး တာတော့မရှိခဲ့ပါဘူး။ 

“သူမရဲ့ ထိုင်ဝမ်ခရီးစဉ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကတော့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းထားပြီး ဆွေးနွေးမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကနေတဆင့် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့က အရေးကြီးတဲ့ ရှုမြင်ချက်အပေါ် အခြေခံပြီး တခြားနိုင်ငံတွေနဲ့ နီးကပ်တဲ့ ဆက်သွယ်မှုတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ” လို့အဲ့ဒီအရာရှိက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.