စစ်တွေ ၊ ဩဂုတ်(၅)

ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးသွားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်းနဲ့ ကျောင်းသားတစ်ဦး လွတ်မြောက်ရေးအတွက် ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ALP တွဲဘက် အတွင်းရေးမှူး ခိုင်အောင်စိုးသန်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။ပြီးခဲ့တဲ့ ဩဂုတ် ၂ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ နေအိမ်မှာ ရှိနေတဲ့ ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်းနဲ့ အဋ္ဌမတန်းကျောင်းသားတစ်ဦးကို ရက္ခိုင့်တပ်တော် AA က ဝင်ရောက်ဖမ်းဆီး သွားတယ်လို့ ALP က ထုတ်ပြန်ထားတာပါ။ ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်းနဲ့ အဋ္ဌမတန်းကျောင်းသား မောင်စိုးမင်းနိုင်တို့ကို ရက္ခိုင့်တပ်တော် AA က ဘာကိစ္စရပ်ကြောင့် ဖမ်းဆီးသွားတယ်ဆိုတာ စုံစမ်းနေတယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က ပြောပါတယ်။လက်ရှိမှာတော့ ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်းနဲ့ အဋ္ဌမတန်းကျောင်းသား မောင်စိုးမင်းနိုင်တို့ လွတ်မြောက်ရေးအတွက် ရက္ခိုင့်တပ်တော် AA အဖွဲ့ဝင်တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းလုပ်ဆောင် နေပြီး သူတို့ နှစ်ဦး လွတ်မြောက်ရေးအတွက် ညှိနှိုင်း ဆောင်ရွက်သွားမယ်လို့ ခိုင်အောင်စိုးသန်း က ဆိုပါတယ်။ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်တော် AA ဘက်က ဒီကနေ့အချိန်ထိ ထုတ်ပြန်ထားတာ မရှိသေးသလို သံလွင်တိုင်းမ်အနေနဲ့ ရက္ခိုင့်တပ်တော် AA ဘက်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးပမ်းနေပေမယ့် ဆက်သွယ်ရရှိခြင်း မရှိသေးပါဘူး။အရင်ကလည်း ALP ပါတီရဲ့ ခေါင်းဆောင်တချို့နဲ့ ပါတီဝင်ရဲဘော်တွေကို ရက္ခိုင့်တပ်တော် AA အဖွဲ့က ဖမ်းဆီးခဲ့ပြီး ဒီကနေ့အချိန်ထိ ပြန်လွှတ်ပေးတာ မရှိသေးသလို အခုလို ဖမ်းဆီးတာဟာ ရခိုင်အမျိုးသားစည်းလုံးညီညွတ်ရေးကို ထိပါးစေပြီး ရခိုင့်တော်လှန်ရေးအဖွဲ့ အချင်းချင်းကြားလုံးဝမဖြစ်သင့်တဲ့ ဖြစ်ရပ်လို့ (ALP) က ထုတ်ပြန်ထားပါတယ်။ဒါကြောင့် အမျိုးသား ညီညွတ်ရေးကို ပျက်ပြားစေမယ့် မလိုလားအပ်တဲ့ လုပ်ဆောင်ချက် တွေကို ရှောင်လွှဲကြဖို့ နဲ့ ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်း၊ အဋ္ဌမတန်းကျောင်းသား မောင်စိုးမင်းနိုင်အပါအဝင် အရင်ဖမ်းဆီးထားတဲ့ ALP ခေါင်းဆောင်တွေနဲ့ ပါတီဝင်ရဲဘော်တွေကို ပြန်လွှတ်ပေးဖို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီက တောင်းဆိုထားပါတယ်။ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကို င်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး သွားရောက် ဆွေးနွေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ပုံစာ – ဖမ်းဆီးခံလိုက်ရသည့် ALP ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်း (အင်္ကျီခဲရောင်) အပါအဝင် ALP ထိပ်ပိုင်း ခေါင်းဆောင်တွေ စစ်ကောင်စီကျင်းပသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့ ၂၀၂၂ ခုနှစ် ဇွန်လ ၁၂ ရက်နေ့မှာ နေပြည်တော် ရောက်ရှိလာစဉ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.