နယူးဒေလီ – ဇူလိုင်(၁၆) 

အိန္ဒိယနိုင်ငံမှာ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံ ခရီးသွားမှတ်တမ်းရှိသူ အသက်(၃၅) နှစ်အရွယ် အမျိုးသားတစ်ဦး ဆီကနေ ပထမဆုံး မျောက်ကျောက်ရောဂါကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဇူလိုင် လ(၁၄) ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ 

အာရပ်စော်ဘွားများ ပြည်ထောင်စု ကနေ အိန္ဒိယနိုင်ငံတောင်ပိုင်း Kerala ပြည်နယ်ကို ဇူလိုင်လ (၁၂) ရက်နေ့က ထွက်ခွါလာသူရဲ့ လက်ရှိအခြေအနေမှာ တည်ငြိမ်နေပြီး ဆေးရုံမှာ သီးခြားထား ရှိကုသမှုတွေလုပ်ဆောင်နေတယ်လို့ ပြည်နယ်ကျန်းမာရေးဝန်ကြီး ဗီနာဂျော့ချ်က သတင်း ထောက်တွေကို ပြောခဲ့ပါတယ်။ 

“သူ့ရဲ့အခြေအနေက တည်ငြိမ်နေပြီး အရေးကြီးတဲ့ လက္ခဏာတွေ အားလုံးပုံမှန်ပါပဲ၊ ခရိုင်အားလုံးကို သတိထားဖို့ တောင်းဆိုထားပါတယ်” လို့  ဂျော့ခ်ျက ပြောခဲ့ပါတယ်။ 

မျောက်ကျောက်ရောဂါဟာ အာဖရိကတိုက်ရဲ့ နေရာတွေမှာ ဖြစ်ပွားလေ့ရှိပြီး တုပ်ကွေးလို လက္ခဏာတွေနဲ့ အရေပြားဒဏ်ရာတွေဖြစ်စေတဲ့ ဗိုင်းရပ်စ်ရောဂါဖြစ်တယ်လို့ သိရပါတယ်။ 

လက်ရှိအချိန်မှာတော့ မျောက်ကျောက်ရောဂါ မဖြစ်ဖူးတဲ့ နိုင်ငံပေါင်း (၆၀) ဝန်းကျင်မှာ ရောဂါဖြစ်ပွားကြောင်း အစီရင်ခံတင်ပြထားပြီး အတည်ပြုလူနာပေါင်း (၁၀၅၀၀) ကျော် ရှိနေပါတယ်။ 

လူနာရဲ့ မိဘတွေနဲ့ တခြားအဓိက အဆက်အသွယ်တွေကိုလည်း သီခြားနေရာချထားခဲ့ပြီး လေယာဉ်ပေါ်မှာ သူနဲ့ ထိတွေ့ခဲ့တဲ့ ခရီးသည်(၁၁) ဦးနဲ့ တချို့ကို ရောဂါလက္ခဏာ စောင့်ကြည် ဖို့ ညွှန်ကြားထားတယ်လို့ ဂျော့ချ်က ပြောခဲ့ပါတယ်။ 

ဒေသအာဏာပိုင်တွေနဲ့ လက်တွဲလုပ်ဆောင်ဖို့နဲ့ လိုအပ်တဲ့ ပြည်သူ့ကျန်းမာရေးအစီအမံတွေ အကြံပြုဖို့ ပြည်နယ်ကို အဆင့်မြင့်အဖွဲ့တစ်ဖွဲ့စေလွှတ်ထားသလို မျောက်ကျောက်ရောဂါ ကူးစက်မှု ဖြစ်နိုင်ချေကို စမ်းသပ်စောင့်ကြည့်တာတွေ တိုးမြှင့်ဖို့ ပြည်နယ်တွေကို တောင်းဆို ထားတယ်လို့ ပြည်ထောင်စုအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

“COVID-19 ကပ်ရောဂါသည် စိန်ခေါ်မှုများ ဆက်လက်ဖြစ်ပေါ်နေသဖြင့် ကျွန်ုပ်တို့ရဲ့အခြား ပြည်သူ့ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုများနှင့်ပတ်သက်၍ သတိရှိရန် အရေးကြီးပြီး ၎င်း တို့အား ကိုင်တွယ်ဖြေရှင်းရန် မိမိကိုယ်ကိုယ် ကြိုတင်ပြင်ဆင်ထားရန်လည်း အရေးကြီးပါ သည်” လို့ ပြည်ထောင်စု ကျန်းမာရေးအတွင်းရေးမှူး ရာဂျက်ရှ်ဘူရှန်က ပြည်နယ် တွေကို စာထုတ်ညွှန်ကြားထားတယ်လို့ သိရပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.