ထားဝယ် ၊ ဇူလိုင်(၁၃)
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်၊မဲချောင်းကျေးရွာအနီးမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့ ညနေပိုင်းမှာ ပကာရီဘက်ကနေ ထားဝယ်ဘက်ကို ဦးတည်မောင်းနှင်လာတဲ့ ကား ၁၅ စီးပါ စစ်ကောင်စီယာဉ်တန်းကို ထားဝယ်ပြည်သူ့ကာကွယ်ရေး(အေဒင်မှူး)တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီကား ၃ စီး ထိခိုက်ပျက်စီးခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးနိုင်ပြီး ၇ ဦးနီးပါး ထိခိုက်ဒဏ်ရာရရှိနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ထားဝယ်မြို့နယ် ထားဝယ်-ထီးခီးလမ်းတစ်လျှောက်မှာတော့ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေနဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား နှစ်ဖက် စစ်ရေး ဆက်လက် တင်းမာနေသလို စစ်ကောင်စီဘက်က တင်အင်အားတိုးချဲ့တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်