မော်လမြိုင် ၊ ဇူလိုင် (၁၀)

 
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကောင်စီက တည်ဆောက်မယ့် အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းအတွက်ဆိုပြီး မြေယာသိမ်းယူမှုတွေ ရှိလာတယ်လို့ ဒေသအတွင်း အဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။


မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းရဲ့ အစီရင်ခံစာအရ စစ်အုပ်စုဟာ အပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ဖို့အတွက် မုဒုံမြို့နယ်၊ ညောင်ကုန်းရွာရှိ နေအိမ် ၁၈ လုံးကို ဖယ်ရှားပြီး မြေယာသိမ်းယူခဲ့သလို အဲဒီမြေယာသိမ်းယူမှုဟာ ဧရာမ မြေယာသိမ်းဆည်းမှုရဲ့ အစိတ်အပိုင်းဖြစ်လာမယ်လို့ ဆိုထားပါတယ်။


အသိမ်းခံရတဲ့ မြေကွက်တွေအတွက် လျော်ကြေးတစ်စုံတစ်ရာ ရဖို့မရှိဘဲ  ဆုံးရှုံးသွားမယ့် တရားဝင် မြေယာပိုင်ဆိုင်ကြတဲ့ ရွာသားတွေက စစ်ကောင်စီရဲ့ စီမံကိန်းကို ဆန့်ကျင်လာခဲ့ကြတယ်လို့လည်း အဲဒီအစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။


မွန်ပြည်ကြားကာလပူးပေါင်းဆောင်ရွက်ရေးကော်မတီ MSICC ကလည်း စစ်ကောင်စီဟာ လေဆိပ်စီမံကိန်းအတွက်ဆိုပြီး မြေယာသိမ်းဆည်မှုတွေ လုပ်ဆောင်လာတာကြောင့် မတရားမှုကို တွန်းလှန်ဖို့အတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးဖို့ တိုက်တွန်းပါတယ်။

“ဧက ၃၀၀၀ ပေါ့နော်။မုဒုံမြို့နယ်မှာ လုပ်မယ်လို့လည်း ကျွန်မတို့ သိထားရပါတယ်။နောက်ပြီးတော့ လူထုတွေရဲ့ အသံ လာသိမ်းနေပြီ၊ ရထားလမ်း။ မွန်တွေထဲမှာ မွန်ရွာတန်းရှည်က ဒီမုဒုံမြို့နယ်တစ်လျှောက်မှာပဲ ရှိတယ်။အမှန်မှာ ကာားလမ်းက သီးခြား၊ ရွာတန်းရှည်၊ ရထားလမ်းနဲ့ ကားလမ်းကြားမှာ အဲဒီဘက်ကို သိမ်းမယ်ဆိုရင်တော့  မွန်လူထုတွေ တော်တော်လေး ထိခိုက်လာနိုင်တာပေါ့။နောက်ပြီးတော့ ဒီစီမံကိန်းက ဒီလိုခေတ် ဒီလိုအခါမှာ ဖြစ်နိုင်တဲ့ စီမံကိန်းလည်း မဟုတ်ဘူး။ဒါပေမယ့် မြေသိမ်းမှုတွေက အဆင့်ဆင့် ဖိနှိပ်မှုတွေ ရှိနေတာကို ခံရတဲ့သူတွေ အသံတွေထုတ်လာနိုင်အောင် နောက်ပြီး ဒါက မတရားမှုဖြစ်တယ်။မတရားမှုကို တွန်းလှန်ဖို့က ပူးပေါင်းလုပ်ဆောင်ဖို့ လိုတယ်လို့ ကျွန်မတို့ မြင်တယ်”လို့ မွန်ပြည်ကြားကာလပူးပေါင်းဆောင်ရွက်ရေး ကော်မတီ MSICC  တွဲဘက်အတွင်းရေးမှူး မိဆုတဂျိုက ပြောပါတယ်။


စစ်ကောင်စီက မော်လမြိုင်မြို့ အနီးမှာ နိုင်ငံတကာ အဆင့်မီ အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ ဆိပ်ကမ်းတစ်ခု တည်ဆောက်ဖို့အတွက် ပြည်ထောင်စုဝန်ကြီးတွေ ပါဝင်တဲ့ စီမံကိန်းအကောင်အထည်ဖော်ရေး ကြီးကြပ်မှု ဗဟိုကော်မတီကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ဖွဲ့စည်းခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။


အဲဒီစီမံကိန်းဆောင်ရွက်ဖို့ လိုအပ်တဲ့ မြေသိမ်ဆည်းရေး အပါအဝင် လျှပ်စစ်မီး ရရှိရေး၊ ချဉ်းကပ်လမ်းနဲ့ တခြားလမ်းပိုင်းဆိုင်ရာ တည်ဆောက်ရေး၊ ဘဏ္ဍာငွေ လျာထားရရှိရေးနဲ့ အခြားလိုအပ်တဲ့ ညှိနှိုင်း ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ညွန်ကြားထားတာ ဖြစ်ပါတယ်။


စစ်ကောင်စီ ဖော်ဆောင်မယ့် အဲဒီစီမံကိန်းတွေဟာ မြေပြင် အခြေအနေ အပါအဝင် လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာကြောင့် ဖြစ်လာနိုင်စရာ မရှိသလို စိတ်ကူးယဉ်မှုသာ ဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ဝေဖန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.