ကျောက်ကြီး ၊ ဇူလိုင်(၁၁)

ကရင်အမျိူးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ထဲမှာ မိုးဆက်တိုက် ရွာသွန်းနေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေအတွက် အမိုးအကာ အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံကရင်အရပ်ဘက်လူမှုရေးရာအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကစပြီး ကေအဲန်ယူ-ညောင်လေးပင်ခရိုင် ကျောက်ကြီးနဲ့ မုန်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က နယ်မြေကျူးကျော်ပြီး စစ်ရေးဝင်ရောက် လှုပ်ရှားနေတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၃ တို့အကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့  အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူဦးရေ ၁ သိန်းကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရပါတယ်။

လက်ရှိမှာတော့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ နေ့စဉ်လိုလို မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် အမိုးအကာ မလုံလောက်တဲ့အတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ညောင်လေးပင်ခရိုင် ဒေသခံကရင်လူမှုရေးရာအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

 စစ်ဘေးရှောင်တွေအတွက် ကေအဲန်ယူနဲ့ ညောင်လေးပင်ခရိုင်ကရင်လူမှုရေးရာအဖွဲ့တွေက လူသားချင်းစာနာမှုအကူအညီတွေကို တတ်နိုင်သမျှ လုပ်ဆောင်ပေးလျက်ရှိပေမယ့် စစ်ဘေးရှောင်တွေအတွက်ကတော့ အကူအညီလိုအပ်ချက်တွေရှိနေတုန်းပဲလို့ သူက ဆိုပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်တွေထံ သွားရောက်ကူညီပို့ဆောင်ပေးတဲ့နေရာမှာ စစ်ကောင်စီတပ်ရဲ့ ပိတ်ဆို့စစ်ဆေးမှုတွေကြောင့် သွားလာရေးမှာ အခက်အခဲနဲ့ကြုံနေရတာ ဖြစ်ပါတယ်။

ကေအဲန်ယူ-ညောင်လေးပင်ခရိုင်အတွင်းက ဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေထဲမှာ ကလေးသူငယ်၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေအများစုပါဝင်နေပြီး လက်ရှိမှာ စားနပ်ရိက္ခာပြသနာ၊ ကျန်းမာရေးဆိုင်ရာ အခက်အခဲပြသနာတွေနဲ့ ကြုံတွေ့နေရတယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.