မော်လမြိုင် – ဇူလိုင်(၉)

နိုင်ငံတဝန်းမှာ စစ်ရေးပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ အရေအတွက်ဟာ တစ်သန်းကျော်ထိ ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဇူလိုင်လ ၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

UNOCHA ရဲ့အဆိုအရ အဲဒီထဲမှာ စစ်တပ် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ စစ်ရေးပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ခုနှစ်သိန်းခွဲကျော် ရှိလာတာ ဖြစ်ပါတယ်။

အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလက စတင်ပြီး မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း တနံတလျားမှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းတွေ အပါအဝင် အရပ်သားနေအိမ် အနည်းဆုံး ၁၉၀၀၀ ကျော် ဖျက်ဆီးခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတို့မှာ တိုက်ပွဲတွေ ပြင်းထန်လာတာ အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီးအများအပြားမှာ လက်နက်ကိုင်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။

အဲဒီအခြေအနေတွေကြောင့် ပဲခူးတိုင်း (အရှေ့ပိုင်း)၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာ ၁၂ ရွာက လူပေါင်း ၅,၄၀၀ ကျော်နဲ့ တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်က လူ ၃,၀၀၀ ကျော်လည်း ဇွန်လလယ်က စတင်ပြီး အနီးနားရှိ သစ်တောတွေနဲ့ ဘေးကင်းလုံခြုံရာ ဒေသတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ကယားပြည်နယ်မှာတော့ ပြည်တွင်းနေရပ်စွန့်ခွာသူ ၄,၀၀၀ ကျော်ဟာ လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်တွေမှာရှိတဲ့ သူတို့ရဲ့ မူလနေရပ်တွေကို ပြန်လည်ရောက်ရှိနေပြီ ဖြစ်တယ်လို့ UNOCHA ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.