မော်လမြိုင် ၊ ဇူလိုင် (၉)

 
တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်လုပ်ကိုင်ခွင့်(ပန်းရောက်ကတ်) ထုတ်ပေးတော့မယ်လို့ ထိုင်းအစိုးရက အတည်ပြုကြေညာလိုက်ပါတယ်။


ထိုင်းနိုင်ငံထဲမှာ တရားမဝင် အထောက်အထားမဲ့ ဝင်ရောက် အလုပ်လုပ်ကိုင်နေထိုင်ကြတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို ပန်းရောင်ကတ်လို့ ခေါ်တဲ့ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ပြုလုပ်သွားမယ်လို့ ထိုင်းအစိုးရက ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့မှာ အတည်ပြုလိုက်တာဖြစ်ပါတယ်။


ရွှေ့ပြောင်းအလုပ်သမားအရေး ကျွမ်းကျင်သူတွေကတော့ တရားမဝင်တဲ့ အလုပ်သမားတွေကို အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ထုတ်ပေးဖို့ လုပ်ဆောင်တာဟာ ထိုင်းနိုင်ငံရဲ့ အလုပ်သမား လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ဆောင်ရွက်တာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

 
ထိုင်းအစိုးရက အခုလို အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ထိုးပေးတာဟာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် အခွင့်အရေး ဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ယက်(MWRN) အကြံပေး ဦးအောင်ကျော်က ပြောပါတယ်။

“ ထိုင်းအစိုးရက ကိုဗစ်ပြီးတဲ့နောက်မှာ သူတို့စီးပွားရေးကို မြင့်တင်ချင်တာက တပိုင်း ၊ နောက်တခုက ဒီနိုင်ငံထဲမှာ ဝင်ရောက်ခိုလှုံပြီးတော့မှ အလုပ်လက်မဲ့ဘဝနဲ့ ဘယ်အချိန်မှ အလုပ်လုပ်ခွင့်ရမလဲဆိုပြီး မျှော်လင့်နေတဲ့ လူအုပ်စုကြီးအတွက်က အင်မတန်မှ အဆင်ပြေချောမွေ့သွားမယ့် လက္ခဏာကို ကျွန်တော်တို့ တွေ့နေရတယ်” လို့ ဆိုပါတယ်။


ပန်းရောင်ကတ် ရရှိဖို့အတွက် အလုပ်ရှင်တွေက ထိုင်းနိုင်ငံရှိ အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနကို ရက်ပေါင်း ၆ဝ အတွင်း အလုပ်လုပ်ကိုင်ခွင့် (Work Permit) လျှောက်ထားရမှာ ဖြစ်ပြီး အမည်စာရင်းတင်သွင်းဖို့ ဘတ် ၁ဝဝ ၊ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်လျှောက်ထားဖို့ ဘတ်ငွေ ၉ဝဝ၊ စုစုပေါင်း ဘတ် ၁၀၀၀ ကုန်ကျမှာ ဖြစ်ပါတယ်။

 
ထိုင်းအစိုးရက ထုတ်ပေးမယ့် ပန်းရောက်ကတ်ဟာ ၂ဝ၂၃  ခုနှစ် ဖေဖော်ဝါရီလထိ သက်တမ်းရှိမှာ ဖြစ်ပြီး နောက်ထပ် သက်တမ်း ၂ နှစ် ထပ်တိုးနိုင်မှာ ဖြစ်ပါတယ်။


ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ယက်(MWRN) အကြံပေး ဦးအောင်ကျော်ကတော့ ထိုင်းအစိုးရက ပန်းရောင်ကတ်ထုတ်ပေးမယ့် အစီအစဉ်ကြောင့် နယ်စပ်ဒေသကနေတစ်ဆင့် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ပိုမိုဝင်ရောက် လာနိုင်တယ်လို့ သုံးသပ်တာပါ။

“ အရင်က အခြေအနေတောင်မှ နယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာသူတွေက နေ့စဥ်နဲ့အမျှ အလုံးအရင်းနဲ့ ဝင်ရောက်နေတယ်။ ဒီလိုလုပ်ပေးမယ်ဆိုပြီး ထုတ်ပြန်လိုက်တော့ အလုံးအရင်းနဲ့ ထပ်ပြီးဝင်ရောက်လာနိုင်တယ်လို့ ကျွန်တော်သုံးသပ်ပါတယ်” လို့ ဆိုပါတယ်။


လက်ရှိမှာတော့ ထိုင်း-မြန်မာနှစ်နိုင်ငံ သဘောတူစာချုပ် MOU စနစ်အရ ရွှေ့ပြောင်းအလုပ်သမားတွေကို တရားဝင်လမ်းကြောင်းကနေ ထိုင်းဘက်ကိုပို့ဆောင်ပေးနေပေမယ့် နယ်စပ်တစ်လျှောက်မှာတော့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ တရားမဝင်ဝင်ရောက်ဖြတ်ကျော်လာမှုဟာ နေ့စဉ်လိုလိုရှိနေတာ ဖြစ်ပါတယ်။

 
ထိုင်းအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ပျမ်းမျှအနေနဲ့ တစ်လကို လူဦးရေ ၃၀၀၀ ကနေ ၄၀၀၀ ထိ ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.