မော်လမြိုင် ၊ မေ (၈)

စစ်ကောင်စီရဲ့ ရှေ့တန်းရောက်တပ်သားတွေကို လစာထုတ်ပေးတာမရှိပဲ ဘဏ်အကောင့်မှာ ပဲစုထားရမယ်ဆိုပြီး အမိန့်ထုတ်ထားတယ်လို့ CDM ဗိုလ်ကြီး အောင်မျိုးထက်က သံလွင်တိုင်းမ်ကို အတည်ပြုပြောပါတယ်။

စစ်သည်တွေရဲ့ ငွေကြေးပိုင်ဆိုင်မှုပိုများအောင်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်ပိုင်မြဝတီဘဏ် မှာ ငွေစုခိုင်းပြီး CDM မလုပ်အောင်ဆိုတဲ့ စီမံချက်နဲ့ လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

“ရှေ့တန်းရောက်နေတဲ့ လူပျိုစစ်သည်တွေကို လစာမထုတ်ပေးတော့ဘူး ကိုယ်ပိုင်အကောင့်တွေ ဖွင့်ခိုင်းပြီး ဘဏ်ထဲပဲထည့်ခိုင်းနေတယ်။ ပြီးတော့ လစဉ်ဦးပိုင်ဖြတ်တာတွေလဲ အခုထိ ရှိတုန်းပဲ အမြတ်တော့မပေးဘူး။ (၁၅) သိန်းမပြည့်သေးရင်ပြည့်အောင်ကိုထည့်ရတာ ဘယ်တော့ပြန်ရမလဲ မသေချာတဲ့အခြေအနေကြီး တချို့ကတော့ငြီးနေကြပြီး ထွက်ပြေးတော့မယ်လို့ ပြောနေကြတယ်။ ကျွန်တော်ကို လာမေးနေတာတွေရှိနေတယ်” လို့ CDM ဗိုလ်ကြီး အောင်မျိုးထက်က သံလွင်တိုင်းမ် ကိုပြောပါတယ်။



ဒါ့အပြင် စစ်သည်တွေကို နောက်တန်းပြန်ရောက်ရင်လည်း လစာထုတ်ခွင့်မပေးတဲ့အပြင် မိသားစုဝင်တွေနဲ့ မိဘတွေရဲ့နာရေးကိစ္စတွေမှာတောင် တပ်အပြင်ထွက်ခွင့်မပေးပဲ တပ်ထဲမှာ အကျယ်ချုပ်သဘောမျိုး ထားနေတာတွေရှိတယ်လို့ သူကပြောပါသေးတယ်။

တပ်အပြင်မှာ နေထိုင်တဲ့ အိမ်ထောင်သည်တွေကိုလည်း လုံခြုံရေးအကြောင်းပြချက်နဲ့ တပ်ထဲခေါ်ထားပြီး တပ်ကကျွေးတာစားပြီး တပ်ကနေရာထိုင်ခင်းပေးထားတာ ဖြစ်တယ်ဆိုပြီး ဝါဒမှိုင်းတိုက်တာတွေ လုပ်ဆောင်တာတွေရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ တော့ တပ်ကိုစွန့်ခွါပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ စစ်သည် (၃၀၀၀) ကျော်ရှိနေပြီး ရဲတပ်ဖွဲ့ CDM (၇၀၀၀) ကျော်ရှိနေတယ်လို့ ထုတ်ပြန်ထားတဲ့အချက်အလက် တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.