ဘီးလင်း ၊ မေ (၇)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်မှာ စစ်ကောင်စီတပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်တိုက် ကျူးလွန်လာတယ်လို့ KNU တပ်မဟာ(၁) တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်ကောာင်စီ လက်အောက်ခံ တပ်မ (၄၄) ဟာ သထုံခရိုင်ထဲက အရပ်သားတွေကို ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်တာ၊ ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်ပြီးနောက် လူသားဒိုင်းကာအဖြစ် အသုံးပြုတာ၊ ကျေးရွာတွေထဲကို လက်နက်ကြီးတွေအပြင် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့က ဘီးလင်းမြို့နယ် လေးကေကျေးရွာကို လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်လာတာကြောင့် လူနေအိမ် ၁၀ လုံးနဲ့ သီလရှင်ကျောင်း တစ်ကျောင်း မီးလောင် ပျက်စီးခဲ့ပါတယ်။



ဒါ့အပြင် မေလ ၃ ရက်နေ့ကလည်း စစ်ကောင်စီတပ် မဲပလီစခန်းကနေ နတ်ကြီးစခန်း ပြောင်းရွှေ့စဥ မှာ ဒေသခံတွေကို ဖမ်းဆီးရိုက်နှက် နှိပ်စက်ခဲ့သလို အရပ်သားပြည်သူ ၁၁ ဦးကို ဖမ်းဆီးပြီး လူသားဒိုင်း အဖြစ် အသုံးပြုခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ KNU ကို မနိုင်တာကြောင့် အရပ်သားပြည်သူတွေကို အဓိက ပစ်မှတ်တိုက်ခိုက်နေတာ ဖြစ်ပြီး လူ့အခွင့်အရေးတွေအပြင် စစ်ရာဇဝတ်မှုတွေကိုပါ ကျူးလွန်လာတယ်လို့ KNU တပ်မဟာ(၁)သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က ပြောပါတယ်။

KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ဘီးလင်း၊ ကျိုက်ထိုနဲ့ ဘားအံမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းအဖွဲ့တို့ကြား နှစ်ဖက် စစ်ရေး ပိုမို တင်းမာလာတာကြောင့် ဒေသခံပြည်သူ ၂၀၀၀၀ ကျော်ဟာ နီးစပ်ရာ တောတောင်တွေနဲ့ ဘေးလွတ်ရာ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.