နေပြည်တော် ၊ ဧပြီ (၃၀)
ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီများ အစုအဖွဲ့ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေကို ဆွဲဆောင်နိုင်စွမ်း မရှိဘူးလို့ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဝေဖန်လိုက်ပါတယ်။
အပစ်ရပ် NCA စာချုပ်အရ ဖြစ်ပေါ်လာတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီများ အစုအဖွဲ့ရဲ့ ရွေးချယ်ပွဲကို ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။
အဲဒီ ရွေးချယ်ပွဲကိုတော့ နိုင်ငံရေးပါတီ ၄၆ ခု တက်ရောက် ရွေးချယ်ခဲ့ပြီး အုပ်စုဖွဲ့ ရွေးချယ်မှု တွေကြောင့် ပွဲဆူခဲ့ပါတယ်။
ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကတော့ UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ကို EAOs တွေနဲ့ ပြည်သူတွေကို ဆွဲဆောင်နိုင်အောင် တင်ပြပုံအသစ်၊ချဉ်းကပ်မှုအသစ်တွေနဲ့ အသွင်ပြောင်းဖို့ အမုန်းခံပြီး ပြောဆိုခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ဘူးလို့ ပြောပါတယ်။
“နဂိုရှိပြီးသားပါတီတွေ ခုလောက်နဲ့ကို ရှေ့ကို မရွေ့ဘူးဆိုတဲ့ သဘောနဲ့ ကျွန်တော်တို့ကလည်း ဖွင့်ပေးဖို့ ခဏခဏ သူတို့ကိုလည်း ပြောပါတယ်။ဦးစိုင်းအိုက်ပေါင်းတို့ကိုလည်း ပြောတယ်။ အမုန်းခံ ပြောခဲ့တာပါပဲ။ ပြီးရင် အသွင်တစ်မျိုးရှိတဲ့ နောက် ချဉ်းသစ်မှုအသစ်နဲ့ အိုင်ဒီယာတစ်မျိုးရှိတဲ့ ပြည်သူ့ပါတီခေါင်းဆောင် ဦးကိုကိုကြီးတို့ ပါဖို့ ကျွန်တော် NSPNC မှာလည်း ပြောခဲ့တယ်။ ပါဖို့လိုအပ်တယ်။ချဉ်းကပ်မှုအသစ် လိုတယ်။တင်ပြပုံအသစ်နဲ့ ချဉ်းကပ်မှုအသစ်နဲ့ EAOs တွေကို ဆွဲဆောင်နိုင်အောင် ပြည်သူတွေကိုလည်း ဆွဲအောင်နိုင်အောင် နိုင်ငံရေးပါတီအစုအဖွဲ့မှာ ဒါမျိုး အသွင်ပြောင်းဖို့ လိုတယ်။လှေကြီးထိုးနဲ့ မရတော့ဘူးဆိုတဲ့ သဘော။ပြောတော့ ပြောခဲ့တာပေါ့ဗျာ။ ဒါပေမယ့် ဖွင့်ပေးလိုတဲ့ အနေအထား မရှိတဲ့ ရွေးကောက်ပွဲဖြစ်သွားတာပေါ့”လို့ သူက သံလွင်တိုင်းမ် ကို ပြောပါတယ်။
UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ ရွေးချယ်ပွဲမှာ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီနဲ့ ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီတို့ နှုတ်ထွက်ခဲ့ပါတယ်။
ရွေးချယ်ပွဲ နှုတ်ထွက်ရတာဟာ မဲရလဒ်တူညီနေတာကြောင့် နှုတ်ထွက်ရတာလို့ ဆိုထားပါတယ်။
UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ ရွေးချယ်ပွဲမှာတော့ အမြဲတမ်းကော်မတီဝင် ၁၆ ဦးနဲ့ အရန်ကော်မတီဝင် ၁၆ ဦးကို မဲပေးရွေးချယ်ခဲ့ပါတယ်။
မဲရလဒ်အရ အမြဲတမ်းကော်မတီဝင် ၁၆ ဦးနေရာမှာတော့ ပြည်ခိုင်ဖြိုးပါတီ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ ဒီမိုကရက်တစ်မြန်မာနဲ့ ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီတို့ ရွေးချယ်ခံခဲ့ရပါတယ်။
ရွေးချယ်ပွဲမှာ အမြဲတမ်းကော်မတီဝင်နေရာ ရွေးချယ်ခံရတဲ့ ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်အိုက်ပေါင်းကတော့ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးနဲ့ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်တို့ကတော့ ပါတီသုံးခု မဲတူနေတာကြောင့် သဘောထားကြီးစွာ နှုတ်ထွက်ခဲ့ကြတာလို့ ဆိုပါတယ်။
“သူတို့နှုတ်ထွက်တယ်ဆိုတာက သုံးယောက်နာမည်က လာလာတူနေတယ်။ သူတို့အဖွဲ့က။ သုံးယောက်လာတူတဲ့အခါမှာ နှုတ်ထွက်ပေးလိုက်တယ်။နံပါတ်ကလည်း အောက်နည်းနည်း ကျနေတော့ သူတို့က သဘောထားကြီးစွာနဲ့ နှုတ်ထွက်ပေးလိုက်တာပေါ့ဗျာ”လို့ ဦးစိုင်းအိုက်ပေါင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကို အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်တို့ ပေါင်းထားတဲ့ အစုအဖွဲ့၊ အပစ်ရပ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အစုအဖွဲ့နဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့ တို့က ကိုယ်စားလှယ် ၁၆ ဦးစီနဲ့ ဖွဲ့စည်းဖို့ NCA စာချုပ်အရ ပြဌာန်းထားတာပါ။
UPDJC ဟာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ ဒေသအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ လူမျိုးအလိုက်ကျင်းပတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပရေးအပါအဝင် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ရာမှာ ဦးဆောင်မှုပေးရတဲ့ ကော်မတီ တစ်ခုလည်း ဖြစ်ပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ SNLD ပါတီကတော့ စစ်တပ် အာဏာသိမ်းတာကြောင့် UPDJC ဟာ အလုပ်မရှိတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်