ရန်ကုန် ၊ ဧပြီ (၃၀)

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှုကြောင့် ငွေကြေးဖောင်းပွမှုနဲ့ အလုပ်လက်မဲ့နှုန်း အလွန်အမင်း မြင့်တက်လာတယ်လို့ အင်းလျားဘောဂဗေဒအဖွဲ့ က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

အင်းလျားဘောဂဗေဒအဖွဲ့ ဟာ ၂၀၂၁ ခုနှစ်အတွင်း မြန်မာ့စီးပွားရေးရပ်ဝန်းအပေါ် ကိုဗစ်နဲ့ အာဏာသိမ်းမှုရဲ့ ထပ်ဆင့်သက်ရောက်မှု အစီရင်ခံစာကို ဧပြီ ၂၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအစီရင်ခံစာမှာတော့ မြန်မာစီးပွားရေးဟာ ကိုဗစ်ကာလမှာထက် အာဏာသိမ်းကာလမှာ ပိုမို ဆုတ်ယုတ်လာပြီး စီးပွားရေးညွှန်ကိန်း အနုတ်ပြလာတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ထုတ်လုပ်မှု ကုန်ကျစရိတ်အပါအဝင် အထွေထွေကုန်ကျစရိတ် ကြီးမြင့်လာမှုနဲ့အတူ ကုန်ဈေးနှုန်း မြင့်တက်လာတဲ့အတွက်ကြောင့် ငွေကြေးဖောင်းပွမှုတွေ ဖြစ်ပေါ်လာသလို အလုပ်အကိုင် အခွင့်အလမ်းရှားပါးလာတာကြောင့် အလုပ်လက်မဲ့နှုန်း အလွန်အမင်း မြင့်တက်လာတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။



စီးပွားရေး လုပ်ငန်းရှင်တစ်ဦးကတော့ မြန်မာ့စီးပွားရေး ကျဆင်းလာတာဟာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု မလာတာနဲ့ ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ ကန့်သတ်ချက်တွေကြောင့်နဲ့ အဓိက သက်ဆိုင်နေရတယ်လို့ ပြောပါတယ်။

“ စီးပွားရေးကန့်သတ်မှုတွေ ရှိတာကြောင့် ရင်းနှီးမြုပ်နှံမှုတွေ မလာနိုင်ဘူး ဖြစ်နေတယ်။ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုက ဒီကန့်သတ်ချက်တွေ မရှိရင် ပြန်လာနိုင်စရာရှိတယ်။ အဓိကတော့ ကိုဗစ်နဲ့ ဒီကန့်သတ်ချက် တွေကို ဘယ်လိုကျော်လွှားပြီးတော့မှ ဖြေရှင်းလို့ရမလဲဆိုတဲ့အပေါ် မူတည်မယ် ထင်ပါတယ်” လို့ ဆိုပါတယ်။

တဖက်မှာတော့ စီးပွားရေးလုပ်ငန်းတွေဟာ စစ်ကောင်စီရဲ့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်ကြောင့် ငွေကြေး အလွယ်တကူ ထုတ်ယူလို့ မရတာနဲ့ ရင်းနှီးမြှုပ်နှံဖို့ ချေးငွေ မရတာကြောင့် လုပ်ငန်းတွေ တိုးချဲ့ဖို့ထက် လုပ်ငန်းလည်ပတ်ဖို့ပင် မနည်းကြိုးပမ်းနေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် အလုပ်လက်မဲ့ ပြဿနာကြောင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး ပြည်ပနိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်ကိုင်မှုနှုန်း မြင့်တက်လာတယ်လို့လည်း အစီရင်ခံစာက ဆိုထားပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့အဆိုအရ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ အလုပ်လက်မဲ့ ဖြစ်ပွားနှုန်း ဆက်လက်မြင့်တက်လာသလို ဆင်းရဲမွဲတေမှုကလည်း အရင်ထက် နှစ်ဆ တိုးလာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.