ရန်ကုန် ၊ ဧပြီ (၂၈)

စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့တွေ အပါအဝင် စစ်ကောင်စီ ဒေါက်တိုင်အကြမ်းဖက် အဖွဲ့အစည်းတွေအနေနဲ့ ပူးပေါင်းတာ မလုပ်ဘဲ အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်မယ်ဆိုရင် စစ်ရေးအရ အရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေး ဝန်ကြီးဌာနက ဧပြီလ (၂၇) ရက်နေ့က သတိပေး ထုတ်ပြန်လိုက်ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနက ပျူစောထီးအဖွဲ့တွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်တဲ့ အဲဒီကြေညာချက်မှာ တော့ စစ်ကောင်စီဟာ တစ်နေ့တခြား ပြုန်းတီးလျက်ရှိတဲ့ အင်အားကို ဖြည့်တင်းဖို့ အတွက် ပျူစောထီး အပါအဝင် ဒေါက်တိုင်အကြမ်းဖက်အဖွဲ့တွေကို ဖွဲ့စည်းပြီး လက်နက်တပ်ဆင်ပေးကာ အရပ်သား ပြည်သူတွေအပေါ် ဖိနှိပ်သတ်ဖြတ်တာ လုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ကျေးရွာတွေကို မီးရှို့တာ၊ အကြမ်းဖက်တာ၊ လူ့အခွင့်အရေးချိုးဖောက်တာ၊ ပြည်သူအချင်းချင်း ရန်ပြုတိုက်ခိုက်စေတာ၊ ပြည်သူ့ကာကွယ်ရေးတပ်မ‌တော်(PDF)နဲ့ ပြည်သူ့တော်လှန်ရေးအင်အားစုတွေကို စင်ပြိုင် တိုက်ခိုက်တာတွေ လုပ်ဆောင်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။


ဒါကြောင့် ပျူစောထီးအဖွဲ့တွေအနေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)နဲ့ ပြည်သူ့တော်လှန်ရေး အင်အားစုတွေထံ လက်နက်တွေ အပ်နှံပြီး အချိန်မီ ပူးပေါင်းကြဖို့နဲ့ ပူးပေါင်းလာသူတွေကို လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေ ပြုလုပ်ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပျူစောထီးအဖွဲ့တွေအနေနဲ့ ပူးပေါင်းတာ မလုပ်ဘဲ အကြမ်းဖက်မှုကို ကိုယ်တိုင်ကျူးလွန်တာ၊ အားပေးပါဝင်ကူညီတာတွေ ပြုလုပ်ဆောင်ရွက်ပါက ကင်းလွတ်ခွင့် ပြုသွားမှာ မဟုတ်ဘဲ တရားဥပဒေအပြင် စစ်ရေးအရပါ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အဲဒီကြေညာချက်မှာတော့ ဒီမိုကရေစီကို သက်ဝင် ယုံကြည်သူမှန်ရင် နိုင်ငံရေးအမြင်မတူကွဲပြားသူတွေ၊ ဘဝပေးအခြေအနေကြောင့် CDM ပြုလုပ်ခွင့် မရသူတွေကို စစ်ရေးဆိုင်ရာပစ်မှတ် ဒါမှမဟုတ် အကြမ်းဖက် အဖွဲ့အစည်းဝင်တွေအဖြစ် သတ်မှတ် အရေးယူ ဆောင်ရွက်သွားမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.