ရန်ကုန် ၊ ဧပြီ (၂၈)

ဆေးတက္ကသိုလ်တွေမှာ ဝင်ခွင့်ရပြီး တက်ရောက်ကြမယ့်သူတွေအနေနဲ့ ဆေးပညာဘွဲ့ရရှိပြီးနောက် နိုင်ငံဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ဖို့ ပျက်ကွက်ပါက ကျပ်သိန်းခြောက်ရာတိတိ လျော်ကြေးပေး ရမယ်လို့ စစ်ကောင်စီက ပြောပါတယ်။

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်တွေမှာ တက်ရောက်မယ့် ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ ကတိခံဝန်ချက် စာချုပ်တစ်ရပ် မဖြစ်မနေ ချုပ်ဆိုရမှာ ဖြစ်ပါတယ်။

အဲဒီစာချုပ်မှာတော့ ဆေးတက္ကသိုလ်ကနေ ဆေးပညာဘွဲ့ရရှိပြီးနောက် နိုင်ငံ့ဝန်ထမ်းအဖြစ် အနည်းဆုံး ၅ နှစ်၊ ဘွဲ့လွန်သင်တန်း တက်ရောက်အောင်မြင်ပြီးရင် နိုင်ငံ့ဝန်ထမ်းအဖြစ် အနည်းဆုံး ၅ နှစ် မပျက်မကွက် တာဝန်ထမ်းဆောင်ရမယ်လို့ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် နိုင်ငံအတွင်း မည်သည့်မြို့နယ်မဆို တာဝန်ပေးအပ်ခန့်ထားပါက ခန့်အပ်ထားတဲ့အတိုင်း သတ်မှတ်ချိန်အတွင်း မလွဲမသွေ သွားရောက်ပြီး တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရမယ်လို့ ကတိဝန်ခံချက်မှာ ဖော်ပြထားပါတယ်၊



အဲဒီ ကတိပြုချက်တစ်ရပ်ရပ်ကို ချိုးဖောက်ပျက်ကွက်ပါက ဒါမှမဟုတ် တာဝန်ထမ်းဆောင်ဖို့ ပျက်ကွက်ပါက ဌာနကနေ အကြောင်းကြားစာ လက်ခံရရှိတဲ့နေ့ကစပြီး ရက်ပေါင်း ၃၀ ကာလအတွင်း လျော်ကြေး ကျပ်သိန်းခြောက်ရာတိတိ ပေးလျော်ရမယ့်အပြင် အထွေထွေဆေးကုသခွင့်လိုင်စင် (ဆမ) ရရှိမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆရာဝန်တစ်ဦးကတော့ ဆေးတက္ကသိုလ်တက်မယ့်သူတွေအနေနဲ့ နိုင်ငံဝန်ထမ်းအဖြစ် ၅ နှစ် တာဝန်ထမ်းဆောင်နိုင်မှ ဆေးကျောင်းတက်သင့်တယ်လို့ မှတ်ချက်ပြုပါတယ်။

“ကိုယ်က ဆရာဝန်လိုင်းတက်မယ်။ဆရာဝန်လုပ်ချင်တယ်ဆိုရင်‌တော့ ၅ နှစ် ပြန်လုပ်ပေးဖို့ တစ်ခါတည်း ကြိုပြီးစဉ်းစားထားပေါ့။အဲဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ကျောင်းပြီးတာနဲ့ သိန်းခြောက်ရာ လျော်ပြီးတော့ တစ်ခြားအလုပ် လုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ အဲဒီဘက်ခြမ်းက စဉ်းစားစရာ သိပ်မရှိဘူး။အဲဒီတော့ အစကတည်းက ကျောင်းတက်မယ်ဆိုရင်တော့ ၅ နှစ် လုပ်ပေးမယ်ဆိုတဲ့ ဆုံးဖြတ်ပြီးမှပဲ တစ်ခါတည်း ကျောင်းတက်သင့်တာပေါ့”လို့ ဆရာဝန်က ပြောပါတယ်။

အာဏာမသိမ်းခင် အရင်နှစ်တွေမှာတော့ ဆေးတက္ကသိုလ်ကနေ ဆေးပညာဘွဲ့ရရှိသူတွေကို နိုင်ငံ့ဝန်ထမ်းအဖြစ် မလုပ်မနေရ သဘောမျိုးမဟုတ်ဘဲ တာဝန်ထမ်းဆောင်ဖို့ ပျက်ကွက်ရင် ကျပ် ၁၀ သိန်းသာ ပေးလျော်ရပြီး အထွေထွေဆေးကုသခွင့်လိုင်စင် (ဆမ) လက်မှတ်ကိုလည်း သိမ်းယူတာ မရှိခဲ့ပါဘူး။

စစ်ကောင်စီကတော့ ၂၀၂၀ ပြည့်နှစ် ဆယ်တန်းစာမေးပွဲဖြေဆိုအောင်မြင်တဲ့ ကျောင်းသားတွေထဲက ဆေးတက္ကသိုလ်အသီးသီးမှာ ဝင်ခွင့်ရရှိသူစာရင်းတွေကို ဧပြီ ပထမအပတ်မှာ ထုတ်ပြန် ကြေညာခဲ့ပြီး ဆေတက္ကသိုလ် တက်ရောက်ခွင့်ရှိသူ ၁၂၀၀ ကျော် ရှိတယ်လို့ ဆိုထားပါတယ်။

ဆေးနဲ့ဆေးနှီးနွယ်ကျောင်းသားသမဂ္ဂများအဖွဲ့က စစ်ကောင်စီရဲ့ ပညာရေးယန္တရားကို ထောက်ခံ တက်ရောက်သူ အဓမ္မဘက်တော်သား ကျောင်းသားအားလုံးကို အသိအမှတ်မပြုကြောင်းနဲ့ ပြတ်ပြတ်သားသား ဆန့်ကျင်စွန့်ခွာကြဖို့ ဧပြီ တတိယပတ်မှာ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.