နေပြည်တော် ၊ ဧပြီ (၂၈)

အာဏာသိမ်း စစ်ခေါင်းဆောင်က ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့မှာ ၉ ဖွဲ့ထိ တက်ရောက်နိုင်ခြေ ရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဧပြီ ၂၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ၁၃ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့တာပါ။

ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် အပစ်ရပ် ၁၀ ဖွဲ့မှာ ၉ ဖွဲ့ထိ အဆက်အသွယ် ရရှိထားပြီး ဖြစ်ကြောင်းနဲ့ သူတို့ ၉ ဖွဲ့လုံး တက်ရောက်နိုင်ခြေ ရှိတယ်လို့ ပြောပါတယ်။

ဒါ့အပြင် NCA စာချုပ်မှာ လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၁ ဖွဲ့မှာ ၈ ဖွဲ့နဲ့ အဆက်အသွယ် ရရှိထားတယ်လို့ ဆိုပါတယ်။



အာဏာသိမ်း စစ်ခေါင်းဆောင်က ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကရင်အမျိုးသား အစည်းအရုံး KNU က တပ်မတော်က နိုင်ငံရေးက ထွက်ခွာမယ်လို့ ကတိပေးမှ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မယ့်အကြောင်း ပြောဆိုထားသလို တခြားလက်နက်ကိုင် အဖွဲ့အစည်းတွေက ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက် မတက် အဖွဲ့အစည်းအတွင်း ဆွေးနွေးနေဆဲ အဆင့်မှာသာ ရှိနေတာပါ။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေကို သူကိုယ်တိုင် တွေ့ဆုံလိုတယ်လို့ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့မှာ ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ PDF တို့ကို ဖိတ်ကြားတာ မရှိတဲ့အတွက်ကြောင့် မြန်မာ့ နိုင်ငံရေး ပြဿနာ ဖြေရှင်းနိုင်မှာ မဟုတ်သလို အခု ဆွေးနွေးပွဲဟာ စစ်ကောင်စီဘက်က နိုင်ငံရေး အမြတ်ထုတ်ဖို့ ဆောင်ရွက်တာ ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ဝေဖန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.