လွိုင်ကော် ၊ ဧပြီ (၂၈)

ကရင်နီပြည်နယ်မှာ NUG အစိုးရက ဖွဲ့စည်းထားတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို လက်မခံတာကြောင့် အုပ်ချုပ်ရေး ကော်မတီကို အမြန်ဆုံး ဖွဲ့စည်း ဆောင်ရွက်သွားမယ်လို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) က ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တစ်ခု ဖြစ်တဲ့ KNPP က ကရင်နီပြည်နယ်မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်‌ရေးဦးစီးဌာနတို့ရဲ့ ညှိနှိုင်းဆောင်ရွက်မှု မရှိတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းမှုကို လက်မခံကြောင်း ဧပြီ ၂၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒါကြောင့် ကရင်နီပြည်နယ်ရဲ့ အုပ်ချုပ်ရေးကော်မတီကို အမြန်ဆုံး ဖွဲ့စည်းပြီး တော်လှန်ရေး အင်းအားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က ပြောပါတယ်။



“ ကျွန်တော်တို့ လက်မခံနိုင်ဘူးလို့ ဖော်ပြပြီးသားပါ။ ကျွန်တော်တို့ ပြည်နယ်ရဲ့ အုပ်ချုပ်ရေး အတွက်ကိုတော့ KSCC မှာ အုပ်ချုပ်ရေးကော်မတီကို အမြန်ဆုံး ဖွဲ့စည်းသွားဖို့ ရှိပါတယ်။ ရှိပြီးသား တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ အုပ်ချုပ်ရေး ယန္တရားတွေနဲ့ ချိတ်ဆက်ဆောင်ရွက် သွားဖို့ကိုလည်း သဘောထား ပြထားပြီး ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

ကရင်နီပြည်နယ်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းတာဟာ အမျိုးသားညီညွတ်ရေးအစိုးရ အတိုင်ပင်ခံ ကောင်စီ NUCC က ရေးဆွဲထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ယူနစ်နဲ့ ဆန့်ကျင်နေတယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့်လည်း စစ်အာဏာရှင် ပြုတ်ကျရေးအတွက် ရည်မှန်းချက်တူတဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီNUCC ၊ အမျိုးသားညီညွတ်ရေအစိုးရ NUG တို့နဲ့ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ KNPP က ပြောပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA မှာ ပါဝင် လက်မှတ်ရေးထိုးခြင်း မရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.