ရန်ကုန် ၊ ဧပြီ(၂၇)

ရန်ကုန် အင်းစိန်ဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတချို့နဲ့ နှစ်ကြီးအကျဉ်သား တစ်ထောင်နီးပါးကို နယ်ဘက်ထောင်တွေထံ ပြောင်းရွှေ့နေတယ်လို့ အမည်မဖော်လိုတဲ့ အင်းစိန်အကျဉ်းထောင် အရာရှိတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ပုဒ်မ ၅၀၅ (က)၊ ၁၇ (၁)နဲ့ ဖမ်းဆီးတရားစွဲပြီးနောက် ပြစ်ဒဏ်ချမှတ်ထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ နှစ်ကြီးအကျဉ်းသားတွေကို ဧပြီလ(၂၄) ရက်နေ့ကစပြီး နယ်ဘက်ထောင်တွေကို ပြောင်းရွှေ့နေတာ ဖြစ်ပါတယ်။

ထောင်ပြောင်းရွှေ့ခံရတဲ့သူတွေထဲမှာတော့ စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားတဲ့ ရန်ကုန်တက္ကသိုလ် ဗဟိုအလုပ်အမှုဆောင် ကိုအောင်ဖုန်းမော်နဲ့ ရန်ကုန်ပညာရေး တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုဥက္ကဋ္ဌ ကိုစစ်နိုင်တို့လည်း ပါဝင်ပါတယ်။



နိုင်ငံရေးအကျဉ်းသားတွေနဲ့ နှစ်ကြီးအကျဉ်းသားတွေကို နယ်ဘက်ထောင်တွေကို ပြောင်းရွှေ့ရတယ်ဆိုတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးသလို ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ဖော် ပြောဆိုတာ မရှိသေးပါဘူး။

အာဏာသိမ်း စစ်ကောင်စီဟာ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းတွေကို မကြာခဏဆိုသလို နယ်ဘက်ထောင်တွေကို ပြောင်းရွှေ့နေတာ ဖြစ်ပြီး ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း ရာဇဝတ်အကျဉ်းသားတွေနဲ့ ရောထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.