နေပြည်တော်၊ ဧပြီ ၂၇

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီကနေ ရွှေနဲ့ဒေါ်လာတွေ ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ ထောင်ဒဏ် ၅ နှစ် အမိန့်ချမှတ်လိုက်တယ်လို့ တရားနဲ့နီးစပ်သူတွေက ပြောပါတယ်။

ဒီအမှုအတွက် ဒီက‌နေ့ ဧပြီ ၂၇ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အထူးတရားရုံးကနေ ထောင်ဒဏ် ၅ နှစ် အပြီးသတ် အမိန့်ချမှတ်လိုက်တာပါ။

စစ်ကောင်စီကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီကနေ အခေါက်ရွှေ (၇) ပိဿာနဲ့ အမေရိကန်ဒေါ်လာ ခြောက်သိန်း ရယူခဲ့တယ်လို့ စွပ်စွဲပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။



အဲဒီအမှုအတွက် စစ်ကောင်စီရဲ့ တရားလို သက်သေတွေအဖြစ် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ဇနီးဖြစ်သူ ဒေါ်ခင်မိမိကြွယ်တို့က တရားရုံးမှာ ကိုယ်တိုင်ထွက်ဆိုခဲ့ကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်က စစ်ကောင်စီ စွဲဆိုထားတဲ့ အဂတိမှုဟာ အဓိပ္ပါယ်မရှိဘူးလို့ ပြောဆိုထားပါတယ်။

အမိန့်ချခံရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က ဒီအမှုအတွက် အယူခံ အဆုံးထိတက်ဖို့ ပြောဆိုခဲ့တယ်လို့ တရားနဲ့နီးစပ်သူတွေက ပြောပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီကနေ ရွှေနဲ့ဒေါ်လာတွေ ရယူခဲ့တယ်ဆိုတဲ့ ဒီအမှုဟာ သက်သေခံ ပစ္စည်း တစ်စုံတစ်ရာမရှိဘဲ စစ်ကောင်စီဘက်က တဖက်သက် အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီက စွဲဆိုထားတဲ့ အမှု ၁၇ မှုမှာ အမှု ၅ မှုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရပြီး အခုချမှတ်လိုက်တဲ့ အဂတိမှုအတွက် ထောင်ဒဏ် ၅ နှစ်နဲ့ ထပ်ပေါင်းလိုက်ရင် ထောင်ဒဏ် ၁၁ နှစ်ထိ အမိန့်ချမှတ်ခံထားရပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.