မော်လမြိုင် ၊ ဧပြီ (၁၉)

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ကိုယ်သူအပါအဝင် နယ်ပယ်အသီးသီးက လူပုဂ္ဂိုလ်တွေကို ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေ ချီးမြှင့်တာဟာ အင်အားစုနှစ်ခုကို စည်းခြားပေးလိုက်တာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဧပြီ ၁၇ ရက်နေ့က အာဏာရှင်ဟောင်း တွေအပါအဝင် နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်တွေ၊ တပ်မတော်အရာရှိတွေ၊ EAOs ခေါင်းဆောင်တွေနဲ့ အနုပညာနယ်ပယ်အသီးသီးက လူပုဂ္ဂိုလ် စုစုပေါင်း ၁၄၀ ကျော်ကို ဘွဲ့တံဆိပ်တွေ ချီးမြှင့်ပေးအပ် ခဲ့ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ အခုလုပ်ရပ်ဟာ အဆုံးအဖြတ်တိုက်ပွဲဆင်နွှဲဖို့ အမြင့်ဆုံး အခြေအနေရောက်ချိန်မှာ စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို လိုလားတဲ့ အင်အားစု နှစ်ခုကြားကို စည်းချောင်းခြား ပြလိုက်တာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။



“အဲဒီလုပ်ငန်းရဲ့ နိုင်ငံရေးဦးတည်ချက်သဘောက ဒီနေ့ကာလ မြန်မာပြည်မှာ စစ်ကောင်စီနဲ့ သူ့ကိုထောက်ခံတဲ့ သူတွေ ၊ သူကနေပြီးတော့ သူ့ကိုထောက်ခံသူအဖြစ် ယူဆတဲ့သူတွေ ၊ နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေစာရင်းကို ဖော်ထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။အဲဒီတော့ ဒါနဲ့အပြိုင် NUG အစိုးရဘက်ကလည်း ဒီနေ့ကာလမှာ စစ်ကောင်စီကို လိုလားတဲ့ အင်အားစုတွေနဲ့ NUG အစိုးရအဖွဲ့ကို လိုလားတဲ့ အင်အားစုတွေကြား စည်းချောင်းခြားပြလိုက်တာပါ”လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် အခုလုပ်ရပ်ဟာ စစ်ကောင်စီ ထောက်ခံသူတွေကို ပိုပြီး ယုံကြည်စိတ်ချရဖို့ ဆွဲဆောင်စည်းရုံး လိုက်တာဖြစ်သလို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နွေဦးတော်လှန်ရေး လုပ်‌ဆောင်ချက်တွေနဲ့ စင်ပြိုင်ဖော်ပြလိုက်တာဖြစ်တယ်လို့ ဦးသန်းစိုးနိုင်က ဆိုပါတယ်။

စစ်ခေါင်းဆောင်ဟာ ဘွဲ့တံဆိပ် ချီးမြှင့်ရာမှာလည်း EAOs ခေါင်းဆောင်တွေကို ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တချို့ရဲ့ ခေါင်းဆောင်တွေကို ဘွဲ့တံဆိပ် ချီးမြှင့်တာဟာ လူမျိုးစုတွေနဲ့ EAOs ကြား သွေးခွဲတဲ့လုပ်ရပ်ဖြစ်တယ်လို့ ဖက်ဒရယ်ဒီမိုက‌ရေစီလိုလားသူ လူငယ်တစ်ဦးက ပြောပါတယ်။

“ အခုပေးတဲ့လူစာရင်းကို ကြည့်မယ်ဆိုရင် အဓိက တပ်မတော်ထဲမှာလည်း ကွဲကွဲပြားပြားဖြစ်နေတဲ့ ဟာတွေ ရှိတယ်။ဥပမာ ဦးသိန်းစိန်တို့ အရင်ကလူတွေနဲ့ မင်းအောင်လှိုင်နဲ့ မတည့်တဲ့ လူတွေကျတော့ ဒီစာရင်းထဲမှာ မပါဘူး။အဲဒါ ထူးခြားချက်တစ်ခုပေါ့။အဲဒါကြောင့်မို့လို့ သူနဲ့ အဆင်ပြေတဲ့သူတွေကိုပဲ ပေးသွားတယ်။အဲဒါ အပြင်လူကနေကြည့်မယ်ဆိုရင် သူတို့ရဲ့ တပ်ထဲမှာ လည်း ကျွန်တော်တို့ ပြောနေကျ တပ်ပျက်နေပြီပေါ့။အဲဒီအခြေအနေတစ်ခု ဖြစ်နေတယ်လို့ ကျွန်တော့်အနေနဲ့ ရှုမြင်တယ်”လို့ သူက ပြောပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဒီဘွဲ့တံဆိပ်တွေဟာ နိုင်ငံလွတ်လပ်‌ရေးရပြီး ၇၅ နှစ်တာ ကာလအတွင်း နိုင်ငံနဲ့နိုင်ငံသားကောင်းကျိုးကို ထူးချွန်ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်နိုင်မှုတွေအတွက် ပေးအပ်တာလို့ ဆိုထားပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ကိုယ်သူ ဘွဲ့တံဆိပ်ချီးမြှင့်တာနဲ့ ကွယ်လွန်သွားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ နယ်ပယ်အသီးသီးက လူပုဂ္ဂိုလ်တွေကို ဘွဲ့တံဆိပ် ချီးမြှင့်တဲ့အပေါ် ပြည်သူလူထုအကြား ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.