မော်လမြိုင် ၊ ဧပြီ (၁၉)

အင်အားချိနဲ့လာတဲ့ စစ်ကောင်စီဟာ နိုင်ငံရဲ့ နယ်မြေတဝက်လောက်သာ ထိန်းချုပ်နိုင်တော့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။

ဧပြီလ ၁၈ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း တစ်နှစ်ပြည့် အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော် စတုတ္ထအကြိမ်အစည်းအဝေးသို့ တင်သွင်းရာမှာ NUG ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုခဲ့တာပါ။

NUG အစိုးရဟာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေရဲ့ ထောက်ပံ့ကူညီမှုနဲ့ တစ်နိုင်ငံလုံးရဲ့ ၁၅ ရာခိုင်နှုန်း နီးပါးကို လွှမ်းမိုးထားနိုင်ပြီ ဖြစ်သလို တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲ့တွေ ကလည်း နိုင်ငံရဲ့ ၃၀ ရာခိုင်နှုန်းကို စိုးမိုးထားတယ်လို့ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။



ဒါ့အပြင် စစ်ကောင်စီတပ်ဟာ တစ်နေ့တခြား အင်အားနည်းပါးလာတာကြောင့် နွေဦးတော်လှန်ရေးဟာ ၂၀၂၂ ခုနှစ်အတွင်း ကြီးမားတဲ့အချိုးအကွေ့ အောင်မြင်မှုတစ်ခုကို မလွဲမသွေ ရောက်ရှိလာတော့မယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်မတော်အတွက် လက်နက်အပြည့်အစုံ တပ်ဆင်နိုင်ရေးမှာ စိန်ခေါ်မှုတွေ ရှိနေပေမယ့် စစ်ရေးဆိုင်ရာ အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေကို မဟာမိတ်အဖွဲ့တွေနဲ့ တက်ညီလက်ညီ ပူးပေါင်းရင်း ကျော်ဖြတ်နေတယ်လို့ မန်းဝင်းခိုင်သန်းက ပြောပါတယ်။

နွေဦးတော်လှန်ရေးဟာ ပြည်သူလူထုရဲ့ အဓိက ပါဝင်ဦးဆောင်မှုနဲ့ ရှင်သန်အားကောင်း နေတာ ဖြစ်တဲ့အတွက် NUG အစိုးရအနေနဲ့ ပြည်သူ့ဆန္ဒတွေကို အလေးပေးပြီး ပြည်သူရဲ့ ထိန်းကျောင်းမှုကို အပြည့်အဝခံယူလျက်ရှိတယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုလွှတ်တော် စတုတ္ထအကြိမ်အစည်းအဝေးမှာတော့ NUG အစိုးရရဲ့ ဝန်ကြီး ဌာနအလိုက် အစီရင်ခံစာတွေ တင်သွင်းခဲ့ကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.