မော်လမြိုင် ၊ ဧပြီ (၁၉)

ကေအဲန်ယူဘက်က ရေဖြတ်တောက်ပိတ်ဆို့ထားတာကြောင့် ကျေးရွာတွေကို ပျက်စီးဆုံးရှုံးအောင် လုပ်ဆောင်သွားမယ်လို့ စစ်ကောင်စီတပ်က ခြိမ်းခြောက်တာဟာ အရပ်သားတွေအပေါ် ဒုက္ခပေးတာ ဖြစ်ပြီး စစ်ကောင်စီတပ်အနေနဲ့ စစ်ကို စစ်နဲ့တူအောင် တိုက်ဖို့ ကေအဲန်ယူပြောခွင့်ရသူ ပဒိုစောတောနီးက တုံ့ပြန်လိုက်ပါတယ်။

KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံဒေသအတွင်းမှာရှိတဲ့ စစ်ကောင်စီ ခြေမြန်တပ်ရင်း အမှတ်(၅၆၁)ရဲ့ ကွီလုံတိုင်စစ်ဆင်ရေးခြေကုတ်စခန်းကို ကေအဲန်ယူ ဘက်က ရေဖြတ်တောက်ပိတ်ဆို့တာနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်က ဒေသတွင်းမှာရှိတဲ့ ကေအဲန်ယူအဖွဲ့သားတွေကို အကြောင်းကြားစာ ပေးပို့ခဲ့တာဖြစ်ပါတယ်။



အဲ့ဒီအကြောင်းကြားစာထဲမှာတော့ စစ်ကောင်စီ စခန်းအထက်က ပိတ်ဆို့ထားတဲ့ ချောင်းကို ပြန်လည်ဖွင့်လှစ်ပေးဖို့နဲ့ မိမိတို့ စစ်ကောင်စီတပ်အနေနဲ့ ရေရရှိဖို့ မဖြစ်မနေလုပ်ဆောင်ရမှာ ဖြစ်ပြီး၊ ချောင်းပြန် မဖွင့်လှစ်ပေးရင် စခန်းအနီးတစ်ဝိုက်မှာရှိတဲ့ ကျေးရွာတွေ ပျက်စီးဆုံးရှုံးမှုဖြစ်အောင် လုပ်မှာဖြစ်လို့ စာရပြီး သုံးရက်အတွင်းမှာ အကြောင်းပြန်ရမယ်လို့ ဖော်ပြပါရှိတာပါ။

အဲ့ဒီအကြောင်းကြားစာ ပေးပို့တဲ့အပေါ် ကေအဲန်ယူ ပြောခွင့်ရသူ ပဒိုစောတောနီးက အခုလို တုံ့ပြန်လိုက်ပါတယ်။

“ အခုလို ရွာသားတွေကို ဓားစားခံလုပ် ခြိမ်းခြောက်တာက မလုပ်သင့်တဲ့ဟာပါ။ စစ်တိုက်ရင်လည်း စစ်နဲ့တူအောင် တိုက်ရမှာပေါ့လေ။ အခုက ရွာသားတွေကို သွားပြီး ဒုက္ခပေးသလို ဖြစ်နေတယ်။ မင်းတို့လုပ်ရင် ငါတို့ဒီလိုလုပ်မယ် ဆိုတာမျိုး” လို့ ဆိုပါတယ်။

ကွီလုံတိုင်စစ်ဆင်ရေးခြေကုတ်စခန်းဟာ ကြာအင်းဆိပ်ကြီးမြို့နယ် ထိုင်း-မြန်မာနယ်စပ်နဲ့ သိပ်မဝေးတဲ့နေရာမှာ တည်ရှိတာဖြစ်ပြီး ကွီလုံတိုင်စခန်းအပါအဝင် တပ်မဟာ ၆ နယ်မြေထဲက တခြားစစ်ကောင်စီတပ်စခန်းတွေကို ပြီးခဲ့တဲ့လပိုင်းက ကေအဲန်ယူက ရိက္ခာလမ်းကြောင်းနဲ့ ရေရရှိရေး လမ်းကြောင်းတွေကို ဖြတ်တောက်ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ တပ်မဟာ ၆ နယ်မြေအတွင်းမှာ စစ်ကောင်စီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တို့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှား ဆောင်ရွက်မှုတွေ ပိုမိုတိုးမြင့်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.