ဘန်ကောက် – ဧပြီ(၁၄)

အမေရိကန်ဟာ ရုရှားနဲ့ နှစ်ကြာ စစ်ပွဲဖြစ်ပွားပါက ယူကရိန်းရဲ့ လက်နက်လိုအပ်ချက် ကိုဖြည့်ဆည်းပေးနိုင်မယ့် ကိစ္စဆွေးနွေးဖို့ လက်နက်ထုတ်လုပ်တဲ့ အဓိကဦးဆောင်သူ (၈) ယောက်နဲ့ ဧပြီလ(၁၃) ရက်နေ့ မှာ တွေ့ဆုံသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရုရှား ကျူးကျော်ပြီးနောက် အမေရိကန်နဲ့ မဟာမိတ်တွေဟာ ယူကရိန်းကို လက်နက်တွေ လွှဲပြောင်းထောက်ပံ့ဖို့အတွက် လှုံ့ဆော်ပေးပြီးနောက်မှာတော့ လက်နက်လိုအပ်ချက်တွေ မြင့်တက်လာခဲ့တာပါ။

အခုတွေ့ဆုံပွဲမှာ လက်နက်တွေ ပြန်လည်ဖြည့်ဆည်းပေးဖို့ကိစ္စအပြင် ကာလရှည်လာ နိုင်တဲ့ စစ်ပွဲအတွက် အစီအစဉ်တွေကို ဆွေးနွေးနိုင်ဖွယ်ရှိတယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေက ရိုက်တာကိုပြောပါတယ်။

ကျူးကျော်စစ်စတင်ပြီးနောက် ယူကရိန်း ကို တင့်ဖျက်ဒုံးကျည် (၅၀၀၀) ကျော်နဲ့ လေယာဉ်ပစ် ဒုံးကျည် (၁၄၀၀) ကျော်တို့အပါအဝင် လုံခြုံရေးအကူအညီ အမေရိကန် ဒေါ်လာ (၁.၇)  ဘီလီယံကျော်  ထောက်ပံ့ထားတယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။

အမေရိကန်နဲ့ မဟာမိတ်တွေက ယူကရိန်းကို နေစဉ် ပို့ဆောင်ပေးနေတဲ့ တင့်ဖျက်ဒုံး ကျည်တွေနဲ့ လေယာဉ်ပစ်ဒုံးကျည်တွေလို အသုံးဝင်တဲ့လက်နက်တွေမှာ သေးငယ်တဲ့ စနစ်တွေဖြစ်တယ်လို့ ပင်တဂွန်ဌာနချုပ်က ပြောပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေက ပြသနေတဲ့ စစ်မြေပြင်ထိရောက်မှုတွေကြောင့် အဲ့ဒီ လက်နက် တွေကို ပြန်လည်သိုလှောင်ဖို့  စိတ်အားထက်သန်နေတာဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန် ကာကွယ်ရေးနဲ့လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေး စီမံခန့်ခွဲမှု ဌာနဟာ ယူကရိန်းနဲ့ ပတ်သက်တဲ့ သီးခြားတောင်းဆိုချက်တွေကို ပြန်လည်သုံးသပ်ဖို့  အပတ်စဉ် အစည်းအဝေးလုပ်နေတာရှိတယ်လို့သိရပါတယ်။

အမေရိကန် ကာကွယ်ရေး ကန်ထရိုက်တာတွေက ထုတ်လုပ်တဲ့ လက်နက်တွေ  ရောင်းချတာနဲ့ လွှဲပြောင်းတာတွေအတွက်  အမေရိကန်အစိုးရရဲ့ ခွင့်ပြုချက်အတွက် ပင်တဂွန်ဌာနချုပ်ရဲ့ တောင်းဆိုမှုတွေအရှိန်မြှင့်ဖို့အတွက်  အဖွဲ့တခုကိုလည်း ပြန်လည် ဖွဲ့စည်းခဲ့တယ်လို့  သိရပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.