မော်လမြိုင် ၊ ဧပြီ (၁၄)

စစ်ကောင်စီက ဦးစီးကျင်းပတဲ့ သင်္ကြန်ပွဲတော်ဟာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပြည်တွင်း၊ပြည်ပ လူထုတစ်ရပ်လုံးကို လိမ်ညာလှည့်ဖျားဖို့ ကြိုးစားတဲ့ လုပ်ရပ်ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီက သင်္ကြန်ပွဲတော်မှာ မြို့တော်ဝန်မဏ္ဍပ်၊ဌာနဆိုင်ရာမဏ္ဍပ်တွေကို စီးပွားရေးလုပ်ငန်းရှင်တွေအား အတင်းအကြပ်ဖိအားပေးပြီး မဏ္ဍပ်ဆောက်ခိုင်းပြီးနောက် တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကို ဖျော်ဖြေရေးတွေ လုပ်ဆောင်ခိုင်းနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ပြည်သူတွေအနေနဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ အသားကျပြီး သင်္ကြန်မှာ ပျော်ရွှင်ဆင်နွှဲနေကြပြီဆိုတဲ့ ပုံသဏ္ဍာန်မျိုးကို ဝါဒဖြန့်မီဒီယာတွေမှာ ထုတ်လွှင့်ပြသပြီး နိုင်ငံတကာကို လိမ်ညာလှည့်ဖျားဖို့ ကြိုးစားတဲ့လုပ်ရပ်ဖြစ်တယ်လို့NUCC ပြောရေးဆိုခွင့်ရှိသူ ဦးတိုးကျော်လှိုင်က ပြောပါတယ်။



“အဲဒီလို စီစဉ်နေတာဟာ စစ်တပ်က သူတို့ရဲ့ စစ်အုပ်ချုပ်ရေးက အသားကျနေပြီ၊အုပ်ချုပ်လို့ရနေပြီ၊ပြည်သူ‌တွေကလည်း သူတို့ရဲ့ စစ်အုပ်ချုပ်ရေးအောက်မှာပဲ အသားကျပြီးတော့ သင်္ကြန်မှာ ပါဝင်ပျော်ရွှင်ဆင်နွှဲနေကြပြီဆိုတဲ့ ပုံသဏ္ဍာန်မျိုးကို လုပ်ချင်တာ။အဲဒါက သူတို့ပိုင်တဲ့ မီဒီယာကနေတစ်ဆင့် သူတို့လုပ်ထားတဲ့ မဏ္ဍပ်နေရာလေးတွေ၊ ဖျော်ဖြေရေးအစီအစဉ်နေရာလေးတွေမှာ စည်တဲ့နေရာလေးတွေကိုရွေးပြီး ထုတ်လွှင့်ပြသ ပြီးတဲ့အခါကျတော့ ဒါက ကုလသမဂ္ဂရော ၊နိုင်ငံတကာရော၊ နိုင်ငံတကာ အစိုးရတွေရော၊ နိုင်ငံတကာပြည်သူတွေရော၊ မြန်မာတစ်နိုင်ငံလုံးကိုရော လိမ်ညာလှည့်ဖျားဖို့ ကြိုးစားတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကျွန်တော်တို့က ပြတ်ပြတ်သားသား ရှုမြင်တာပါ”လို့ သူက ဆိုပါတယ်။

စစ်ကောင်စီက ကျင်းပတဲ့ သင်္ကြန်ပွဲတော်မှာ ပြည်သူတွေအနေနဲ့ မပူးပေါင်း၊ မပါဝင်ကြဖို့ မြေပြင်လူထုသပိတ်တွေနဲ့ PDF တပ်ဖွဲ့တွေရဲ့ တိုက်တွန်းနှိုးဆော်တဲ့အပေါ် NUCC အနေနဲ့လည်း ထောက်ခံဝန်းရံတယ်လို့ ဆိုပါတယ်။

အနုပညာရှင်တွေနဲ့ အခြားနယ်ပယ်အသီးသီးက ထင်ရှားကျော်ကြားသူတွေလည်း ပြည်သူနဲ့လက်တွဲပြီး တော်လှန်သင်္ကြန်လှုပ်ရှားမှုမှာ ပါဝင်ကြဖို့နဲ့ စစ်အုပ်စုရဲ့ သင်္ကြန်ကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ NUCC က တိုက်တွန်းတာပါ။

ဒါ့အပြင် စစ်‌ကောင်စီရဲ့ နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးပမ်းမှုကို ထိထိရောက်ရောက် ချေဖျက်ဖို့ အရေးကြီးတဲ့အတွက် ပြည်သူတွေအနေနဲ့ အခုနှစ် သင်္ကြန်ရက်တွေကို တော်လှန်သင်္ကြန်အဖြစ် ပုံဖော်ကြဖို့ NUCC က ဧပြီလ (၁၂)ရက်နေ့မှာ ထုတ်ပြန် တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.