မော်လမြိုင် ၊ ဧပြီ (၁)

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စခန်းသိမ်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လာရင် လက်နက်ချ အညံ့ခံတာနဲ့ စခန်းမစွန့်ဖို့ စစ်ကောင်စီဘက်က ညွှန်ကြားလာတာကြောင့် ရဲတပ်ဖွဲ့အတွင်း ကသောင်းကနင်း ဖြစ်နေတယ်လို့ CDM ရဲအရာရှိတွေက ပြောပါတယ်။

ရဲစခန်း၊ ရဲကင်းတွေက တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေရဲ့ စခန်းသိမ်းတိုက်ခိုက်မှုတွေကြုံလာလို့ လက်နက်ချအညံ့ခံတာနဲ့ စခန်းကို စွန့်ခွာထွက်ပြေးတာတွေ ရှိရင် တာဝန်ရှိသူ အဆင့်ဆင့်ကို အရေးယူသွားမယ်လို့ စစ်ကောင်စီက လျှိူ့ဝှက်ညွှန်ကြားထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ညွှန်ကြားချက်ဟာ ရဲတပ်ဖွဲ့ဝင်တွေကို အသေခံတိုက်ဖို့ ညွှန်ကြားတာ ဖြစ်ပြီး၊ အခုအခါ အခြေအနေဟာ စစ်ကောင်စီက သူလက်အောက်ခံအဖွဲ့တွေကို မယုံတော့တဲ့ အနေအထား ရောက်လာပြီးလို့ CDM ရဲအရာရှိတွေက ပြောပါတယ်။



ဒါ့အပြင် စစ်ကောင်စီရဲ့ ညွှန်ကြားချက်ကြောင့် ရဲတပ်ဖွဲ့အတွင်း ဖိအားတွေ ရှိနေသလို အများစုကတော့ ထွက်ပြေးဖို့ ကြိုပမ်းနေကြတယ်လို့ CDM ရဲအရာရှိတစ်ဦးက ဆိုပါတယ်။

“ တပ်တွင်းနဲ့ ဆက်သွယ်ရသလောက် ဖိအားတွေများနေပြီး သူတို့ကိုယ်တိုင်က မနေချင်ကြတော့ဘူး ထွက်ချင်နေကြတယ်။ တပ်တွင်းမှာက အမျိုးမျိုးဝါဒဖြန့်ပြီး စည်းရုံးနေတယ်။ ထွက်လာရင်လည်း ပြင်းထန်စွာ အရေးယူမယ်ဆိုတော့ ကြောက်နေကြတယ်။ သူတို့မှာက ကြောက်လည်းကြောက်တယ် ထွက်လည်း ထွက်ချင်နေတယ် ၊ အဲ့လိုပုံစံမျိုး ဖြစ်နေပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီကတော့ ရဲတပ်ဖွဲ့တာဝန်ရှိသူ အဆင့်ဆင့်က PDF နဲ့ ဆက်သွယ်ဆောင်ရွက်တာ မလုပ်ဖို့၊ တပ်တွင်း စည်းလုံးရေးလုပ်ဖို့နဲ့ အုပ်ချုပ်မှု လျော့နည်းစေတဲ့ ဖြစ်စဉ်တွေ မဖြစ်အောင် အလေးထားကြပ်မတ် ဆောင်ရွက်သွားဖို့ ညွှန်ကြားထားပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ရဲတပ်ဖွဲ့ အပါအဝင် စစ်တပ်အတွင်း စည်းလုံးမှု ပျက်ပြားနေတဲ့အတွက်ကြောင့် အချင်းအချင်းစည်းလုံးကြဖို့ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က ကျရောက်တဲ့ ၇၇ နှစ်မြောက် တပ်မတော်မနေ့မှာ ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.