ပါဆာမန်၊ ဖေဖော်ဝါရီ ၂၅

အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက် ပါဆာမန် ခရိုင်မှာ ဒီကနေ့ နံနက်ပိုင်းမှာ ပြင်းအား ၆ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး လူ ၂၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီ (BNPB) အကြီးအကဲ ဆူဟာရီယန်တိုက မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါသည်။

ငလျင်ကြောင့် ကျောင်းနှင့် ဘဏ်အပါအဝင် အဆောက်အအုံအချို့လည်း ပျက်စီးခဲ့သည်။

အေဂျင်စီသည် ထိခိုက်မှုအများဆုံးဒေသနှစ်ခုဖြစ်သည့် ပါဆာမန် နှင့် အနောက် ပါဆာမန် နယ်မြေများသို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကို စေလွှတ်ထားကြောင်း မစ္စတာဆူဟာရီယန်တိုက ပြောကြားခဲ့သည်။

ငလျင်သည် အနောက်ဆူမတြားပြည်နယ် ဘုကိတင်ဂီ မြို့မှ ၇၀ ကီလိုမီတာခန့်အကွာ ဆူမာတြားကျွန်း၏ မြောက်ဘက် အနက် ၁၂ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေး (USGS) မှ ပြောကြားခဲ့သည်။

ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်း မရှိသော်လည်း အနီးအနားရှိ ရီယောင်း နှင့် ဆူမတြား မြောက်ပိုင်းပြည်နယ်များနှင့် စင်္ကာပူနှင့် မလေးရှားနိုင်ငံတို့အထိ ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရသည်။

အဆိုပါ သဘာဝဘေးအန္တရာယ်ကို “shallow crustal earthquake” ဟု ဖော်ပြထားပြီး “ငလျင်လှုပ်ခြင်းသည် ဆူနာမီဖြစ်နိုင်ချေ မရှိဘူး”ဟု အင်ဒိုနီးရှား မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒ အေဂျင်စီ (BMKG) အကြီးအကဲက ဂျကာတာတွင် မီဒီယာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့ပါသည်။ 

အနောက် ပါဆာမန် ရှိ တာလာမူ ခရိုင် နာကရီကာဂျိုင် တွင် အိမ်ခြေ ၁၀၀ ခန့် ပျက်စီးခဲ့ပြီး ဒေသခံအချို့လည်း ဒဏ်ရာရရှိခဲ့ပါသည်။ 

ဘက်ဒေါ့၊ ဟူဂန်း ၊ လာဗန်ဒါ၊ ပွန်ဂို နှင့် ဆင်ကန် တို့အပြင် ဗဟိုစီးပွားရေးခရိုင် အပါအဝင် စင်္ကာပူရှိ နေရာအများအပြားတွင် ငလျင်လှုပ်ခတ်မှုများကို ခံစားခဲ့ရသည်။

ရဲတပ်ဖွဲ့နှင့် စင်္ကာပူအရပ်သားကာကွယ်ရေးတပ်ဖွဲ့ (SCDF) တို့က ငလျင်လှုပ်ခတ်မှုကို ပြည်သူများထံမှ ဖုန်းခေါ်ဆိုသတင်းပို့မှုများစွာကို လက်ခံရရှိခဲ့ကြောင်း ထိခိုက်ဒဏ်ရာရသူမရှိကြောင်း ပြောကြားခဲ့ပါသည်။

မလေးရှားမိုးလေဝသဌာန မှ နံနက် ၁၀ နာရီ ၁၂ မိနစ်တွင် ငလျင်သတိပေးချက်ကို တွစ်တာတွင် ထုတ်ပြန်ခဲ့ကြောင်း The Star သတင်းစာက ဖော်ပြခဲ့သည်။

အင်ဒိုနီးရှားသည် ပစိဖိတ်မီးကွင်း (Ring of Fire) ပေါ်တွင် တည်ရှိပြီး ငလျင်မကြာခဏ လှုပ်လေ့ရှိသည်။ ၂၀၀၄ ခုနှစ်တွင် ပြင်းအား ၉.၁ အဆင့်ရှိ ငလျင်တစ်ခု ဆူမားတြားကမ်းရိုးတန်းကို လှုပ်ခတ်ခဲ့ပြီး ဆူနာမီ ဖြစ်ပေါ်ခဲ့ကာ အင်ဒိုနီးရှားလူဦးရေ ၁၇၀၀၀၀ ခန့် အပါအဝင် ဒေသအနှံ့ လူပေါင်း ၂၂၀၀၀၀ သေဆုံးခဲ့ပါသည်။

ဘာသာပြန် – အာသစ်

Ref: The StraitsTimes

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.