မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂၆)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ အအေးဆိုင်တစ်ခုမှာ ဖမ်းဆီးခံလိုက်ရတဲ့ လူငယ် ၉ ဦးကို အာဏာသိမ်း စစ်ကောင်စီက ထောင်ဒဏ် ၉ နှစ်စီ အမိန့်ချမှတ်လိုက်တယ်လို့ ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက်က ပြောပါတယ်။

အဲဒီလူငယ် ၉ ဦးကိုတော့ အာဏာသိမ်း စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် မေလ ၂၉ ရက်နေ့မှာ ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက်ရှိ mickey အအေးဆိုင်မှာ ဝင်ရောက်ဖမ်းဆီးပြီးနောက် ၅၀၅(က)၊ ၅၀၅(ဂ)အပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)တို့နဲ့ အမှုဖွင့်ခဲ့တာပါ။

ဖမ်းဆီးအမှုဖွင့်ခံရတဲ့ လူငယ် ၉ ဦးကိုတော့ အာဏာသိမ်း စစ်ကောင်စီက ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ထားဝယ်အကျဉ်းထောင် အထူးတရားရုံးကနေ ထောင်ဒဏ် ၉ နှစ်စီ အမိန့်ချမှတ်လိုက်တာပါ။

အမိန့်ချခံရသူတွေဟာ ထားဝယ်ဒေသခံတွေဖြစ်ပြီး အဲဒီထဲမှာ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၄ ဦး ပါဝင်တာပါ။ အမျိုးသမီး တစ်ဦး ဖြစ်တဲ့ မစုလှိုင်နွေးကတော့ သားအိမ်ရောဂါ ခံစားနေရတယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ထားဝယ်မြို့နယ်ထဲမှာ အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်တာကြောင့် ဖမ်းဆီးခံရသူ ၉၀၀ ကျော်ထိ ရှိလာပြီး အဲဒီထဲမှာတော့ အယောက် ၂၀၀ ကျော် မတရား အမိန့်ချမှတ်ခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.