မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂၆)

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျုးကျော်တိုက်ခိုက်မှုအပေါ် စစ်ကောင်စီက ထောက်ခံတာဟာ အာဏာရှင် အချင်းချင်း အပြန်အလှန်အသိအမှတ်ပြုတာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူနဲ့ တော်လှန်ရေးအင်အားစုတွေက ဝေဖန်လိုက်ပါတယ်။

ရုရှားနိုင်ငံဟာ သူတို့ကို လိုလားတဲ့ ဒွန်ဘတ်စ်ဒေသက ခွဲထွက်ရေးသမားတွေကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့စပြီး ယူကရိန်းနိုင်ငံကို ကျူးကျော်စစ် ဆင်နွှဲနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရုရှား လုပ်ရပ်ဟာ သူတို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို တည်တံ့ဖို့ လုပ်တာဖြစ်လို့ လုပ်ဆောင်သင့်တဲ့ ဆောင်ရွက်ချက် ဖြစ်တယ်လို့ ထောက်ခံပြောဆိုနေတာပါ။

စစ်ကောင်စီရဲ့ ထောက်ခံမှုဟာ ပုလင်းတူ ဗူးဆို့ အာဏာရှင်အချင်းချင်း အပြန်အလှန် အသိအမှတ်ပြုတာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဝေဖန်လိုက်ပါတယ်။

“ထောက်ခံတယ်ဆိုတာကတော့ သူတို့အနေနဲ့ (စကစ) နိုင်ငံရေးအရ မှီခိုနေတဲ့တိုင်းပြည်တစ်ပြည်ဖြစ်တဲ့ ရုရှားပေါ့။တကယ်တော့ ပူတင်(ရုရှားသမ္မတ)လည်း အာဏာရှင်ပါပဲ။သူက ဒီမိုကရေစီနည်းနဲ့ အာဏာကျင့်သုံးတာပေါ့။စစ်ကောင်စီဆိုတာကတော့ စစ်အာဏာသိမ်းပြီး အာဏာရှင်ဖြစ်လာတာ။အဲဒီတော့ အာဏာရှင်အချင်းချင်း ပုလင်းတူဗူးဆို့တွေအနေနဲ့တော့ အပြန်အလှန် အသိအမှတ်ပြုကြရမှာပေါ့။ ကျီးဘုတ်မြောက် ဘုတ်ကျီးမြောက် လုပ်ကြတာ သဘာဝပါပဲ။ဒါကြောင့်မို့ သူတို့ထောက်ခံတာ မဆန်းပါဘူး”လို့ သူက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ သူတို့ မလိုလားတဲ့သူတွေကို အကြမ်းဖက်လို့စွပ်စွဲပြီး နိုင်ငံတဝန်း စစ်ပွဲဆင်နွှဲနေတဲ့အပြင် ပြည်သူတွေကို တိုက်ခိုက်နေပြီး တစ်ဖက်မှာလည်း ငြိမ်းချမ်းရေးစကားတွေ ပြောဆိုကမ်းလှမ်းနေတာဟာ အာဏာရှင်ရဲ့ အခြေခံရပ်တည်မှုတွေ ဖြစ်တယ်လို့ ပြောပါတယ်။

ရုရှားရဲ့ လုပ်ဆောင်ချက်အပေါ် စစ်ကောင်စီဘက်က ထောက်ခံမှုဟာ လက်နက်ရရှိဖို့ အခွင့်ကောင်းယူမယ့် အနေအထားရှိတယ်လို့ မွန်သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့ (MTHSF ) က တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို လက်နက်ရောင်းချမှု ပိတ်ပင်ပေးဖို့ ကုလသမဂ္ဂနဲ့ ဒီမိုကရေစီလိုလားတဲ့အုပ်စုတွေက တောင်းဆိုနေမယ့် ရုရှားကတော့ စစ်အုပ်စုဘက်ကို လက်နက်ရောင်းချမှု ရပ်တန့်ခဲ့တာ မရှိပါဘူး။

လက်ရှိမှာတော့ မြန်မာနိုင်ငံဟာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း တိုင်းနဲ့ပြည်နယ်ရှိ နေရာအနှံ့မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အပြစ်မဲ့ပြည်သူ သောင်းနဲ့ချီပြီး ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.