မော်လမြိုင် ၊ ဖေဖော်ဝါရီ( ၁)

အာဏာသိမ်း တစ်နှစ်ပြည့်ကနေ စစ်အာဏာရှင်ပြုတ်ကျတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ တော်လှန်ရေး အင်အားစုတွေနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားနေသူတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ဟာ တိုင်းပြည်ကို အာဏာသိမ်း စစ်တပ်က လက်နက် အားကိုးနဲ့ မတရား အာဏာသိမ်းယူခဲ့တာ တစ်နှစ်ပြည့်မြောက်သွားပြီး ဖြစ်ပါတယ်။

အာဏာသိမ်းကာလမှာ စစ်ကောင်စီဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူတွေ အပါအဝင် အပြစ်မဲ့ပြည်သူတွေကို မတရား ဖမ်းဆီး သတ်ဖြတ်တာ၊ ဖမ်းဆီးထောင်ချတာအပြင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ စတဲ့ ဖိနှိပ်မှုမျိုးစုံကို ဆက်လက် လုပ်ဆောင်နေတာပါ။

ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ရန်နိုင်ကတော့ စစ်အာဏာရှင်ကို အမြစ်ပြတ်တဲ့ထိ တိုက်ထုတ်ဖို့ သံဓိဌာန်ချမှတ်ထားတဲ့အတွက်ကြောင့် စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ပြည့်ကနေ စစ်အာဏာရှင် ပြုတ်ကျတဲ့ထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ကတော့ သံဓိဌာန်ချထားပြီးသား ဒီအာဏာရှင်အမြစ်ပြတ်ဖို့အတွက် ဆက်ပြီးတော့ အာဏာရှင်အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ပွဲဝင် ချေမှုန်းသွားမှာပါ။ ပြည်သူလူထုအနေနဲ့ အဓိက စိတ်ဓာတ်မကျဖို့နဲ့ အခုဆိုလို့ရှိရင် တစ်နှစ်ပြည့်တဲ့ ကာလမှာ အာဏာရှင်အဖွဲ့တွေက တော်တော်လေးကို အကြပ်ရိုက်နေပါပြီ။နိုင်ငံရေးမှာဆို သူတို့က (စကစ) လုံဝကျဆုံးသွားပါပြီ။ရှင်းရှင်းပြောမယ်ဆိုရင် အခုဆို အကြွေးကျန်လောက်ပဲ ကျန်တယ်။ဒီဟာကို ကျွန်တော်တို့နဲ့ လက်တွဲပြီးတော့ တတ်နိုင်တဲ့ဘက်က အာဏာရှင်ပြုတ်ကျသည်အထိ ဆက်လက်ပြီးတော့ တစ်ပေါင်းတစ်စုထဲနဲ့ ဆက်လက်တိုက်ပွဲဝင်ကြပါလို့ ပြောချင်ပါတယ်” လို့ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ရန်နိုင် ပြောပါတယ်။

ဒါကြောင့် စစ်အာဏာရှင် အမြန်ဆုံးပြုတ်ကျဖို့အတွက် ပြည်သူတွေအနေနဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ကူညီပံ့ပိုးတာတွေ ဆက်လက် လုပ်ဆောင်ပေးဖို့ ဗိုလ်ရန်နိုင်က တိုက်တွန်းလိုက်ပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူတွေကတော့ ပြည်သူတစ်ရပ်လုံး ကိုယ်နိုင်တဲ့ ဘက် ပိုမို အားဖြည့်ဆောင်ရွက်ပေးဖို့ တောင်းဆိုကြပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားနေသူ တစ်ဦးက အခုလိုပဲ ပြောပါတယ်။

“အများကြီး မပါဝင်နိုင်ပေမယ့်လည်း ကိုယ်တတ်နိုင်တဲ့ Click တို့ ၊ Boycott လုပ်တာတွေကို ပိုပြီးအားဖြည့်ပေးဖို့ အောက်ခြေမှာ လုပ်နေတဲ့ လူငယ်တွေဆိုရင်လည်း အားမလျှော့ဘဲနဲ့ ဒါတွေကို ပိုပြီးတော့မှ အားစိုက်လုပ်သွားမယ်ဆိုရင် ဒီတော်လှန်ရေးအတွက် ကျွန်မတို့အောင်မြင်ဖို့ မဝေးတော့ပါဘူးလို့ ပြောချင်တယ်။ကိုယ်တိုင်လည်း တတ်နိုင်တဲ့ ဘက်ခြမ်းမှာ အများကြီးပါဝင်သွားဖို့ စဉ်းစားထားပါတယ်”လို့ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားနေသူ တစ်ဦး ဆိုပါတယ်။

 ဒါ့အပြင် ပြည်သူတွေအနေနဲ့လည်း တော်လှန်းရေးမှာ ဇွဲမလျော့ပဲ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် အရှိန်အဟုန်မြင့် လုပ်ဆောင်သွားဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်တာအတွင်း ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ အလုပ်အကိုင် အခွင့်အလမ်းတွေအပါအဝင် ကဏ္ဍပေါင်းစုံ ပျက်စီးယိုးယွင်းလာမှုနဲ့ ရင်ဆိုင်နေရပါတယ်။

ဒါ့အပြင် တိုင်းပြည်တဝန်းမှာ အာဏာသိမ်းစစ်ကောင်စီကြောင့် ပြည်သူ ၁၂၀၀၀ နီးပါး ဖမ်းဆီးခံထားရသလို အပြစ်မဲ့ပြည်သူ ၁၅၀၀ နီးပါး သတ်ဖြတ်ခံထားရပါတယ်။

 မွန်ပြည်နယ်မှာတော့ ဖမ်းဆီးခံရသူ ၅၀၀ နီးပါး ရှိပြီး အဲဒီထဲမှာ အပြစ်မဲ့ပြည်သူ ၁၂ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.