လက်နက်ကိုင် တော်လှန်ရေးကြောင့် ၂၀၂၁ ခုနှစ် တစ်နှစ်လုံး နိုင်ငံတဝန်း စစ်မျက်နှာစာများတွင် စစ်ရေးအရ အထိနာခဲ့ပြီး နယ်မြေစိုးမိုးမှု မလုပ်နိုင်ခဲ့သော စစ်တပ်သည် ယခု ၂၀၂၂ ခုနှစ် နှစ်ဦးပိုင်း ကစပြီး စစ်ရေးဗျူဟာ ပြောင်းကာ စစ်ရှိန် မြှင့်လာခဲ့သည်။
စစ်ကောင်စီ အုပ်ချုပ်မှုအောက် ရောက်မနေသော စစ်ကိုင်းတိုင်း၊ လက်နက်ကိုင် တော်လှန်မှုတွင် စစ်တပ်ကို အထိ နာစေသော ချင်းပြည်နယ်၊ တိုက်ပွဲများ ပြင်းထန်ပြီး နယ်မြေစိုးမိုးမှု များစွာရှိသည့် ကရင်နီပြည်နယ်၊ ယောဒေသ တိုက်ပွဲများ ဖော်ဆောင်နေသည့် မကွေးတိုင်းနှင့် တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းများ ပူးပေါင်းအား ကောင်းသည့် ကရင်ပြည်နယ်တို့ကို စစ်တပ်က သိသာစွာ စစ်ရေး အရှိန်မြှင့်၍ ဖိလာသည်။
ချင်းပြည်နယ်
သံချပ်ကာနှစ်စီး အပါအဝင် စစ်ကား ၈၇ စီး ပါသော စစ်ကောင်စီ ယာဥ်တန်းသည် ယခုလ ဇန်နဝါရီ ၉ ရက် နေ့မှ စတင်ပြီး မတူပီမြို့သို့ ခရီးနှင်သည်။ ရှေ့ပြေးတပ်သား ၃၀ ကျော်ဖြင့် လုံခြုံရေး အင်အားပါ တိုးမြှင့်ပြီး ချီတက်လာသော စစ်ကောင်စီ ယာဥ်တန်းကို မင်းတပ်-မတူပီ မြို့ကြား ၂၇ မိုင်တွင် မင်းတပ်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်များက စတင် တိုက်ခိုက်သည်။
ဇန်နဝါရီလ ၁၀ ရက်၊ ၁၁ ရက် နေ့များတွင် အဆိုပါ စစ်ကြောင်းနှင့် CDF – မင်းတပ် အဖွဲ့တို့ တိုက်ပွဲများ အပြင်အထန် ဖြစ်ကြပြီး ဇန်နဝါရီ ၁၁ရက် နေ့လယ် ၂ နာရီခွဲတွင် ခွီးရိန်ကျေးရွာနေ အမျိုးသမီးနှစ်ဦး လက်နက်ကြီး အပိုင်းအစ ထိမှန်ပြီး တစ်ဦး သေဆုံးခဲ့သည်။
စစ်ကောင်စီ၏ စစ်ယာဥ်တန်းသည် ယခုတစ်ခါသည် ဒုတိယအကြိမ်မြောက် စစ်ကြောင်းထိုးခြင်း ဖြစ်ပြီး ယခင်တစ်ခေါက်ကဲ့သို့ ကျေးရွာများကို ဝင်မမွှေတော့ဘဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ အလစ် မတိုက်ခိုက်နိုင်ရန် သစ်တောများကိုသာ မီးရှို့ခဲ့ကြောင်း မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကိုယောမန်က ဆိုသည်။
“ပထမအခေါက်ထပ် အင်အားများတယ်။ ရှေ့ပြေးတွေ လွှတ်တယ်၊ ဒါပါပဲ။ ကျွန်တော်တို့ကတော့ တိုက်နေရဦးမှာပဲ။ ဒီတစ်ခေါက်မှာ ထူးခြားတာက လမ်းတစ်လျောက်က သစ်တောတွေကို အကုန် မီးရှို့သွားတယ် ”ဟု လွန်ခဲ့သော အခေါက်နှင့် ကွာခြားပုံကို ၎င်းက ပြောသည်။
စစ်ကောင်စီတပ်များ မီးရှို့ခဲ့သော သစ်တောများသည် ခေါနူးသုမ် သဘာဝ ကြိုးဝိုင်းဧရိယာ အတွင်းရှိ သစ်တောများ ဖြစ်သည်။
ဇန်နဝါရီလ ၂၄ ရက်နေ့တွင် အဆိုပါ စစ်ယဉ်တန်းသည် မတူပီမှ မင်းတပ်ဘက်ကို ပြန်ဆင်းလာပြီး ချန်းပြန်းရွာတွင် အိပ်ကြသည်။ ထိုသို့ မင်းတပ်နှင့် မတူပီကို ကူးချည် သန်းချည် လုပ်နေသည်မှာ စစ်အင်အား ဖြည့်နေခြင်းသာ ဖြစ်ကြောင်း ကိုယောမန်က ဆိုသည်။
“မင်းတပ်ကနေ မတူပီကို တက်သွားတာက စစ်အင်အား ဖြည့်ဖို့ပါ။ မတူပီ ခြေမြန် တပ်ရင်းအောက်က တပ်တွေကို အင်အား ပြန်ဖြည့်တဲ့ သဘောပါ။ အကြောင်းမဲ့ သွားလာနေကြတာ မဟုတ်ပါဘူး။ အရင် တစ်ခေါက်က ၇၅ စီးပဲ ပါတယ်။ ရွာတွေ ဝင်ဖျက်ဆီးလို့ ရွာသားတွေပါ ဝင်တိုက်တော့ အကျအဆုံး များခဲ့တယ်။ အခုတစ်ခေါက် ၈၅ စီး ပါတယ်။ တန်းတန်းသွားတယ်။ကျွန်တော်တို့ ဘက်က တိုက်ရင် အနီးနား ရွာတွေကို လက်နက်ကြီး ပစ်တယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီက ချင်းပြည်နယ်ကို စစ်ရှိန် မြှင့်နေရခြင်းမှာ ချင်းပြည်နယ်သည် အချိန်ကြာလာသည်နှင့် အမျှ စစ်ကောင်စီ လက်အောက်တွင် မရှိတော့သည်ကို သတိ ထားမိလာခြင်းကြောင့်ဟု ချင်းပြည်နယ်ရှိ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက သုံးသပ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး
ကိုယ်ပိုင်အုပ်ချုပ်မှုနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများပင် ပြန်လည် စတင်နေသော စစ်ကိုင်း တိုင်းဒေသကြီး၏ ဒေသများစွာကို စစ်တပ်က အင်အားသုံး စစ်ကြောင်ထိုးလျက် ရှိသည်။ ၂၀၂၁ နိုဝင်ဘာ ၇ ရက်နေ့မှ စတင်ပြီး စစ်ကိုင်းတိုင်း အထက်ပိုင်း ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး၊ ကျွန်းလှ အစရှိသည့် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်များကို စစ်တပ်က လေကြောင်းဖြင့်ပါ အသုံးပြု တိုက်ခိုက်ပြီး ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင် ဘဝ ရောက်ခဲ့သည်။
ဒေသ ကာကွယ်ရေး တပ်များနှင့် ဖြစ်ပွားသော တိုက်ပွဲများတွင် ၎င်းတို့ အရေးနိမ့်ချိန် လေကြောင်း သုံးပြီး စစ်ကူခြင်း ဖြစ်သည်။ ယခု အချိန်ထိ ကြည်း ၊ရေ၊ လေ ဖြင့် စစ်ကိုင်းတိုင်းကို စစ်ကြောင်း ချီနေသော်လည်း နယ်မြေ စိုးမိုးမှု မရှိ ပြန်လည် ထိန်းချုပ်နိုင်ခြင်း မရှိဖြစ်လျက် ရှိသည်။
ဇန်နဝါရီလ ၆ ရက်နေ့ကလည်း စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် ဂဟဲရွာကို စစ်ကောင်စီက တိုက်လေယာဥ်နှစ်စီး သုံးကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။ အဆိုပါ ပစ်ခတ်မှုကြောင့် ၁၅ နှစ်အရွယ် အမျိုးသမီးနှစ်ဦး၊ ၅နှစ်အရွယ် ကလေးငယ် တစ်ဦးနှင့် အသက် ၉ နှစ်အရွယ် ကလေးငယ် တစ်ဦး ပျောက်ဆုံးလျက် ရှိသည်။
စစ်ကောင်စီက စစ်ကိုင်းတိုင်း အထက်ပိုင်းကို လေကြောင်းဖြင့် စစ်ကြောင်းထိုးနေသကဲ့သို့
ချင်းတွင်းမြစ် ရေကြောင်းမှလည်း ရေယာဉ်များဖြင့် စစ်ကြောင်း ချီနေသည်။ ဇန်နဝါရီလ ၂၂ရက်နေ့တွင် ဖလက်ခွန် (၆)စီး ၊ အမြန်ရေယာဥ်(၂) စီးပါ စစ်ရေယာဥ် အုပ်စုသည် ချင်းတွင်းမြစ် အတိုင်း ဆန်တက် လာခဲ့သည်။
အဆိုပါ စစ်ရေယာဥ်တန်းကို ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ချင်းတွင်းမြစ်ကမ်း တစ်နေရာမှ ပစ်ခတ်မှု့များ ရှိခဲ့သည်။ ဒေါင်းနီ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့မှ ပစ်ခတ်သော လက်နက်ကြီးများကြောင့် ဖလက်ခွန် တစ်စီး မီးစွဲလောင်ခဲ့သည်။ စစ်တပ်ဘက်ကလည်း စစ်ရေယာဥ်များပေါ်မှ ချင်းတွင်းမြစ်ကမ်း ဝဲယာရှိ ကျေးရွာများကို တရစပ် လက်နက်ကြီးငယ် များဖြင့် ပစ်ခတ်သွားခဲ့သည်။
ရေယာဉ်အုပ်စုမှ ဖလက်ခွန် တစ်စီးသည် မုဌောအရှေ့ရွာ အောက်ဘက်၌ သောင်တင်နေပြီး
မုဌော အနောက်ရွာတွင် အကြမ်းဖက် စစ်ကောင်စီ၏ တပ်အချို့ တပ်စွဲထားကြောင်း ကနီမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင်မှု တပ်စွဲထားသည့် နေရာမှ ထွက်ခွာစဥ် မိုင်းဆွဲ ခံရသောကြောင့် ယခင် တပ်စွဲခဲ့သည့် ကမ်းသို့ ပြန်ကပ်ကာ ခြေလျင်စစ်ကြောင်း ချီကြသည်။
“ဒီကနေ့ မနက် ၁၀ နာရီမှာ တပ်စွဲထားတဲ့ နေရာက ထွက်တယ်။ တစ်နေရာ အရောက် ကျွန်တော်တို့ ထောင်ထားတဲ့ မိုင်းတွေ ပေါက်ပြီး သူတို့ အရင်ကမ်းကို ပြန်ကပ်လာတယ်။ခြေလျင်ပဲ တောထဲကို ဝင်တယ်။ အဲဒီမှာ စစ်ဘေးရှောင် စခန်းတွေကို လက်နက်ကြီးနဲ့ ပစ်တယ်။ မီးတွေရှို့တယ်။ အဲဒီလို လုပ်တဲ့အခါမှာ သူတို့က ဆန်တွေ၊ စောင်တွေ၊ အိုးခွက်ပန်းကန်တွေ ထားတဲ့ နေရာတွေကို အဓိက ဖျက်ဆီးသွားတယ် ”ဟု ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းမှန် ပြန်ကြားရေး အဖွဲ့ဝင်က ဇန်နဝါရီလ ၂၇ရက်နေ့တွင် ပြောပြသည်။
စစ်ကိုင်းတိုင်းကို စစ်ကြောင်းထိုးရာတွင် စစ်တပ်က ဖြတ်လေးဖြတ်ကို ပြီးခဲ့သော ဒီဇင်ဘာလမှ စတင်ကာ လုပ်ဆောင်နေသည်ဟု ဆိုသည်။
“ ၂၀၂၁ ဒီဇင်ဘာလ တုန်းကလည်း ပျူစောထီးရွာ တစ်ချို့နဲ့ ပျူစောထီး တချို့ကို ၆ လစာ တစ်ဖြတ် စားနပ်ရိက္ခာတွေ စုဆောင်းထားဖို မှာတာတွေ ရှိလာတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီ တပ်တွေက ဖြတ်လေးဖြတ် ဗျူဟာတွေကို လုပ်ဆောင်လာနိုင်တယ်”လို့ သတင်းမှန် ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက သံလွင်တိုင်းမ်ကို ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးမြောင်မြို့နယ်တွင် ဒီဇင်ဘာလ ၅ရက်နေ့က ချင်းတွင်းမြစ်အတွင်း ဖမ်းဆီးရမိထားသော စစ်ကောင်စီ၏ သင်္ဘောနှစ်စီးပေါ်မှ စက်သုံးဆီများကို ဒေသတွင်းရှိ ကျေးရွာများသို့ပေးဝေခဲ့သည်။ ဒီဇင်ဘာ ၇ရက်နေ့ကစပြီး စစ်ကောင်စီက အင်အားတိုးမြှင့်ကာ စစ်ကြောင်းထိုးလာခြင်းကြောင့် ဒေငခံပြည်သူ ၁၀၀၀ကျော် စစ်ဘေးရှောင်ခဲ့ရသည်။
ချင်တွင်းမြစ် အနောက်ဘက်ကမ်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက ဦးနှောက်ရွာကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ ရက်ပိုင်း ဇန်နဝါရီလ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ဝင်စီးခဲ့သည်။ရဟတ်ယာဉ် ၄ စင်းနှင့် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ စစ်ကောင်စီတပ်များသည် လေကြောင်းကကော၊ မြေပြင် တပ်ကော သုံးပြီး ဦးနှောက်ရွာကို စီးနင်းခဲ့ကြသည်။ဗိုလ်နဂါးနှင့် တခြားဒေသခံ PDF ခေါင်းဆောင်များ အဆိုပါရွာတွင် အစည်းအဝေး လုပ်နေသည်ဟု ယူဆချက်နှင့် စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။
ကရင်နီပြည်နယ်
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ခိုက်ရည်ကောင်းသော ဒေသများကို တိုက်လေယာဥ်များ အသုံးပြု တိုက်ခိုက်ခြင်းကို စစ်တပ်က ယခုနောက်ပိုင်းတွင် ဆက်တိုက် အသုံးပြု လာသည်။ ကရင်နီပြည်နယ် (ကယား) ကို စစ်တပ်က ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းက စတင်ပြီး တိုက်လေယာဥ်များ အသုံးပြုကာ စစ်ကြောင်းထိုးသည်။
ကရင်နီပြည်နယ် လွိုင်ကော်မြို့ ၌ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်နှင့် စစ်ကောင်စီ တပ်များ အကြား နေ့စဉ် တိုက်ပွဲ ဖြစ်ပွားလျက် ရှိသည်။ဇန်နဝါရီလ ၁၈ရက်နေ့တွင် ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက် အထွေထွေအုပ်ချုပ်ရေး စုပေါင်း ခရိုင်ရုံး၌ ကင်းပုန်း ဝပ်နေသော စစ်ကောင်စီ တပ်သား အင်အား ၇၀ ခန့်ကို ဒေသခံ တော်လှန်ရေး အဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦးခန့် သေဆုံးကြောင်း ကရင်နီ ဒီမိုကရက်တစ် တပ်ဦး (KDF) ထံက သိရသည်။
တိုက်လေယာဥ်များသည် ပြည်သူ့ကာကွယ်ရေးတပ်များ ကိုသာမက ဒေသခံ ပြည်သူများနှင့် စစ်ဘေးရှောင် စခန်းများကိုပါ ဦးတည် တိုက်ခိုက်လာသည်။ လက်နက်မရှိ၊ စားစရာပင် မရှိသော စစ်ဘေးရှောင် စခန်းများကို တိုက်လေယာဥ်များ အသုံးပြု တိုက်ခိုက်ခြင်းသည် စက်စုပ်ဖွယ် ကောင်းကြောင်း ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
“နောက်ဆုံး လေယာဥ်သုံးသွားတာက ဒီစနေ နေ့ကပဲ။ လက်နက်ကြီးတွေ ပိုသုံးလာတယ်။ လေယာဉ်နဲ့ တိုက်တာလည်း စိပ်လာတယ်။ ကျွန်တော်တို့ သိသလောက်ဆို စစ်ဘေးရှောင်စခန်းကို လေယာဥ်နဲ့ တိုက်လို့ ကျသွားတဲ့ သူတွေလည်း ရှိတယ် ”ဟု ၎င်းက သံလွင်တိုင်းမ်ကို ပြောသည်။
ဇန်နဝါရီလ ၆ ရက်နေ့ကစပြီး တိုက်လေယာဉ်ဖြင့် စစ်ကြောင်းထိုးလာပြီး ဇန်နဝါရီလ ၁၆ ရက်နေ့ ညတွင် ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်း နန်းမယ်ခုံ နှင့် ဖရူဆိုမြို့ အနောက်ဖက်ခြမ်း ရခီးဘူး စစ်ရှောင် စခန်းကို တိုက်လေယာဉ်ဖြင် ဗုံးကြဲ ခဲ့ခြင့်ကြောင့် စစ်ရှောင်စခန်းမှ ကလေးငယ် အပါအဝင် ၃ ဦးနှင့် ဆေးဝန်ထမ်း ၃ ဦး ကျဆုံးခဲ့သည်။
လက်ရှိတွင် စစ်တပ်က ကယားပြည်နယ် မိုင်းလုံးဒေသကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေပြီး
စစ်အင်အား တိုးမြှင့်ထားသည့်အပြင် လက်နက်ကြီးများ ပိုမို အသုံးပြုလာကြောင်း ကရင်နီ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
“စစ်ကောင်စီဘက်က စစ်ကြောင်း ထိုးလာတာကို ကျွန်တော်တို့ တိုက်ဖို့ပဲ အမြဲ ပြင်ဆင်နေရတာပေါ့။ အခုလည်း တိုက်နေကြပါတယ်။ စစ်ကောင်စီကတော့ ကမ်းကုန်အောင် ယုတ်မာတဲ့ နည်းလမ်းတွေကို ဆက်သုံးမှာ သိနေလို့ ကျွန်တော်တို့လည်း ပြင်ဆင်နေပါတယ် ” ဟု ကရင်နီ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဇန်နဝါရီလ ၇ ရက်နေ့တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ အရပ်သား ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက် ရှိသဖြင့် ရပ်ကွက်နေပြည်သူများ စစ်ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေရသည်။ အကြမ်းဖက် စစ်ကောင်စီတပ်များက ဒီးမော့ဆိုမြို့နယ် (၅) မိုင်၊ (၆) မိုင် နှင့် ဒေါပိုးစီတို့တွင် နေအိမ် စုစုပေါင်း (၁၈ ) လုံးကို မီးရှို့ဖျက်စီးခဲ့သည်။
မကွေးတိုင်းဒေသကြီး
မကွေးတိုင်းဒေသကြီးကိုလည်း စစ်ကောင်စီတပ်များက စစ်ကြောင်းထိုးရန် တမျိုးပြောင်း ကြံစည် နေသည်။ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးများကို လက်နက်ကိုင်စေပြီး စစ်သင်တန်းပေးကာ ထိုးစစ် ကူဆင်ခိုင်းလျက် ရှိသည်။
ဂန့်ဂေါနှင့် ကလေးမြို့ကြားရှိ ဟံသာ၀တီရွာ ၊ ကုက္ကားရွာ ၊ ကြံသာရွာ ၊ မြောက်ခင်ရန်းရွာတို့တွင် တစ်ရွာလျင် ပျူစောထီးအင်အား တစ်ရာခန့်ဖြင့် စစ်ပညာ သင်ယူနေကြသည်။ ပျူစောထီး များကို စစ်တပ်က MA-1 အလက် (၂၀) စီ ချပေးပြီး စစ်သင်တန်း သင်ကြားပေးနေခြင်း ဖြစ်သည်ဟု ဒေသ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
လက်ရှိတွင် ဂန့်ဂေါဘက်သို့ စစ်ကြောင်းထိုးရန် စီစဥ်နေသည်ဟု ဂန့်ဂေါ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။
“ကျွန်တော်တို့ ဘက်ကို စစ်ကြောင်းထိုးဖို့ စီစဥ်နေတယ်လို့ သတင်းရထားတယ်။ အခုထိတော့ မထိုးသေးဘူး။ ထီးလင်းဘက်မှာတော့ စစ်ကြောင်းထိုးနေပြီ။ စစ်တပ်က ဒီရက်ထဲမှာ ပျူရွာတွေကို လက်နက်တွေ ပေးပြီး စစ်ရေးလေ့ကျင့် ပေးနေတာတွေလည်း ရှိတယ်” ဟု ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။
ပျူရွာများတွင် စစ်ရေး သင်တန်း ပို့ချနေသည့် စစ်ကောင်စီ တပ်သားတစ်ဦးက ပျူစောထီးများကို ယခုကဲ့သို့လည်း ပြောဆိုထားသည်။
“တိုက်ပွဲအတွင်းမှာ အခြေအနေ မကောင်းရင် ငါတို့ စစ်သားဆိုတာ လက် (၃) ချောင်း ထောင်ပြီး CDM လို့ အော်သွားရုံနဲ့ အန္တရာယ်ကင်းတယ်။ မင်းတို့က ဒီလို လုပ်လို့မရဘူး။ ဒီတော့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ စစ်သင်တန်း လာတက်ကြ ” ဟုဆိုကာ ပျူစောထီးများကို စည်းရုံးနေကြောင်း ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်သားတစ်ဦးက ၎င်း ရရှိထားသည့် သတင်းကို ပြန်ပြောပြသည်။
သို့သော်လည်း စစ်ကောင်စီ တပ်သားများ တိုက်ပွဲတွင် အလင်းဝင်လာပါက ပြည်သူ့ကာကွယ်ရေး တပ်များက ကောင်းမွန်စွာ လက်ခံပေးလျက် ရှိသည် ဟု ဆိုသည်။
“တိုက်ပွဲအတွင်းမှာ သူတို့လက်နက်ချလာရင်တော့ ကျွန်တော်တို့ကတော့ဘာမှ မလုပ်ပါဘူး။ သူတို့ အခြေအနေ အရပ်ရပ်ကြောင့် ထွက်ပြေးလို့မရလို့ အလင်းဝင်ချင်ပေမဲ့ မဝင်ရတာမျိုးတွေ ရှိတော့ တိုက်ပွဲအတွင်း ကျမှလက်နက်ချရင်လည်းကျွန်တော်တို့ကလက်ခံပါတယ် Ò ဟု သံလွင်တိုင်းမ်ကို ပြောသည်။
စစ်တပ်က အဆိုပါ မကွေးတိုင်း ယောဒေသတွင် လမ်းကြောင်း ထိမ်းချုပ်မှုများ လုပ်ဆောင်ခြင်း ကြောင့် ဒေသခံများ စားနပ်ရိက္ခာများ သယ်ဆောင်ရာတွင် အခက်တွေ့လျက်ရှိသည်။
ကရင်ပြည်နယ်
စစ်အာဏာရှင်ကို အလိုမရှိသူ အနုပညာရှင်များ၊ CDM လုပ်ထားသည့် နိုင်ငံ ဝန်ထမ်းများနှင့် လက်နက်ကိုင် တော်လှန်ရန် စစ်ပညာ လာရောက် သင်ယူသည့် လူအများစု ရှိကြသည့် ကရင်ပြည်နယ်ကို စစ်တပ်က ဒီဇင်ဘာလထဲမှ စ၍ စတင်ကာ ထိုးစစ်ဆင် ဖိနှိပ်လာခဲ့သည်။
မြဝတီမြို့ တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်သည် စစ်ကောင်စီတပ်များကြောင့် စစ်မြေပြင် လုံးလုံး ဖြစ်သွားခဲ့သည်။ စစ်တပ်က ၎င်းတို့ အရေးနိမ့်နေချိန်မှ စတင်ကာ တိုက်လေယာဥ်များ အသုံးပြုပြီး တိုက်ခိုက်ခဲ့သည်။
ယခုရက်ပိုင်းတွင်မှု စစ်ကောင်စီတပ်များနှင့် KNLA၊ KNUနှင့် PDF တို့ ကြား တိုက်ပွဲများ ငြိမ်နေ သော်လည်း စစ်ကောင်စီက နယ်မြေရှင်းလင်းရေး ဆက်လုပ်ရန် ကြံစည်နေကြောင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။
“စစ်ကြောင်း ဆက်ထိုးလာတယ်။ ဝေါအထိ စစ်ကြောင်း ထိုးမယ်ကြားတယ်။ နယ်မြေ ရှင်းလင်းရေး လုပ်မယ်။ အဓိကက PDF နဲ့ CDM တွေကို ထိန်းချုပ်ချင်လို့။ NUG လမ်းကြောင်း ဖြတ်တောက်ဖို့ ကြိုးစားနေတယ် ” ဟု ၎င်းက သံလွင်တိုင်းမ်ကို ပြောသည်။
စစ်ပွဲများ ငြိမ်နေသောကြောင့် စစ်ဘေးရှောင်တချို့ နေရပ် ပြန်နေသော်လည်း ရှောင်တခင် စစ်ဆေးမှုများ ရှိနေသေးကြောင်း ဒေသခံ တစ်ဦးက ဆိုသည်။
“သူတို့က(စစ်ကောင်စီတပ်) ပြန်ခိုင်းတယ် ပြန်ပါပေါ့။ ဟိုရောက်ရင် မသင်္ကာတဲ့သူကို ကောက်ဖမ်းတယ်၊ စစ်တယ် ” ဟု လေးကေ့ကော်မှ စစ်ဘေးရှောင် တစ်ဦးက ဆိုသည်။
စစ်ကောင်စီတပ်များသည် အထက်ပါ ဒေသများအပြင် အခြားသော တိုင်းနှင့် ပြည်နယ်များတွင်လည်း စစ်ရှိန်မြှင့်ကာ စစ်ကြောင်း ထိုးလျက်ရှိသည်။ ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ် တို့တွင်လည်း စစ်ရေး ဖိအားပေးလျက်ရှိသည်။
ယခုနှစ်ဆန်းမှ စကာ ရာဝတီတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကို ထိုးစစ်ဆင် ပိုက်စိပ်တိုက် ရှာရန် အင်အားတို့ချဲ လုပ်ဆောင်နေကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တစ်ဖွဲ့မှ သတင်းပြန်ကြားရေးတာဝန်ခံ က ဆိုသည်။
“ တောနင်းရှာဖွေမှုတွေလည်း လုပ်ဆောင်နေပါတယ်။ NLD ပါတီဝင်တစ်ယောက် အဖမ်းခံ ထားရာကနေ ကွင်းဆက် လိုက်နေတယ်လို့လည်း သိရတယ်။ ထိုးစစ်ဆင်လာတဲ့ အပေါ်မှာ ထိပ်တိုက် ရင်ဆိုင်ဖို့ကလည်း လက်နက်အင်အား မမျှသေးဘူး။ ဒါပေမယ့် စစ်ဆင်ရေးတွေကိုတော့ အခါအခွင့် သင့်သလို လုပ်ဆောင်နေပါတယ်”ဟု သတင်းမှန်ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ရာတွင် ပါဝင်မှု အားနည်းသည်ဟု ဝေဖန် ခံရလျက်ရှိသော မွန်ပြည်နယ်တွင်ပင် စစ်ကောင်စီတပ်များ စစ်ရှိန်မြှင့်လျက် ရှိသည်။
“ စစ်တပ်က ကျွန်တော်တို့ ဘက်ခြမ်းကို ထိုးစစ် လာမယ့် အရိပ်အရောင်မျိုး တွေ့ရပေမယ့် ထိုးစစ်က မစသေးပဲ သူတို့ဟန်ပြ လုပ်နေတာကြာပြီ။ သူတို့က နယ်မြေ မကျွမ်းကျင်တော့ လက်ရှိမှာ စစ်ကြောင်း သဘောမျိုးနဲ့ ထိုးစစ်မဟုတ်ပဲ ကေအန်ယူ ထိန်းချုပ်နယ်မြေ အစပ်တွေ ကို လှည့်လည်ပြီး တပ်ဖျောက်ချ ကာ နယ်မြေလေ့လာတဲ့ ပုံစံမျိုးတွေ လုပ်နေတာမျိုး တွေ့ ရတယ်ခင်ဗျာ့”ဟု မွန်ပြည်နယ် အခြေပြု တော်လှန်ရေး အစည်းအရုံး (MSRU)မှ ပြန်ကြားရေးတာဝန်ခံ မင်းလဝီမှူးက ဆိုသည်။
ပြည်တွင်းစစ်တွင် လေကြောင်းသုံး တိုက်ခိုက်မှု ဘာကြောင့် သုံးရသလဲ ဆိုသည့် RFA သတင်းဌာန၏ မေးမြန်းမှုကို စစ်တပ် ပြန်ကြားရေး ဇော်မင်းထွန်းက အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် လိုအပ်သည့် အင်အားကို အသုံးပြုရမည်ဟု ဖြေဆိုထားသည်။
ဇန်နဝါရီလ ၂၀ ရက်နေ့တွင် တစ်နိုင်ငံလုံး၌ ခရိုင်အသစ် ၄၂ ခု ထပ်တိုးရန် စစ်ကောင်စီ၏ ပြည်ထဲရေး ဌာနက ပြင်ဆင်နေကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာတွင် ဖော်ပြထားသည်။ အဆိုပါခရိုင်များ တိုးခြင်းသည် တစ်နိုင်ငံလုံးတွင် အုပ်ချုပ်ရေး လုပ်ငန်းများ၊ လုံခြုံရေး လုပ်ငန်းများနှင့် သက်ဆိုင်သည်များကို တိုးမြှင့်လုပ်ဆောင်နိုင်ရန်ဟု စစ်တပ် အကြီအကဲတစ်ဦးက အဆိုပါ သတင်းဌာနကို ဖြေကြားထားသည်။
စစ်ကောင်စီက တစ်နိုင်ငံလုံးကို စစ်ရှိန်မြှင့် စစ်ကြောင်း ထိုးနေခြင်းက ၎င်းတို့၏ စစ်ရေး မည်မျှ အရေးနိမ့်နေခြင်းကို ဖော်ပြရာ ဖြစ်ကြောင်း ကရင်နီပြည်နယ်မှ စစ်ရေး လေ့လာသုံးသပ်သူ တစ်ဦးက ဆိုသည်။
“ကျွန်တော် ထင်တာကတော့ ၂၀၂၂ မှာ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုက အားနည်းသွားတယ်။ ကျရှုံးခန်း ဘက်ကို ပိုရောက်လာတယ်လို့ မြင်တယ်။ ယုတ်မာတဲ့ နည်းလမ်းပေါင်းစုံ ကတော့ ဆက်သုံး နေဦးမှာပဲ ” ဟု သုံးသပ်သည်။
စစ်ကောင်စီသည် နိုင်ငံအာဏာကို အဓမ္မရယူထားသည့် တစ်နှစ်အတွင်း ပြည်သူများကို ကြည်း၊ရေ၊လေ နည်းလမ်းမျိုးစုံ သုံးကာ ဖိနှိပ်ခဲ့သည်။ ရိက္ခာဖြတ်ခြင်း၊ နေအိမ်များ မီးရှို့ခြင်း၊ စစ်ဘေးရှောင်များကို ဦးတည် တိုက်ခိုက်ခြင်း ၊ပြည်သူပိုင်များကို သိမ်းယူခြင်းများ အပြင် ပြည်သူများကို နေ့စဥ် ဖမ်းဆီး သတ်ဖြတ်နေသည်။
စစ်တပ်က မည်သို့ပင် စစ်ရှိန်မြှင့်ကာ စစ်ကြောင်းများ ထိုးနေသော်လည်း တိုင်းနှင့် ပြည်နယ်ရှိ လူမျိုး ၊ ဘာသာ များသာ ကွာခြားသွားမည်။ အကြမ်းဖက် စစ်ကောင်စီ ပြုတ်ကြသည်အထိ အားမလျော့ဘဲ အဆုံးထိ တိုက်ပွဲဝင်သွားမည် ဆိုသည့် အဖြေက တော်လှန်ရေးရဲဘော်များအတွက် အတူတူသာ ဖြစ်နေသည်။