မော်လမြိုင် ၊ ဇန်နဝါရီ (၁၁)

မွန်ပြည်နယ်အတွင်းက ဟိုတယ်လုပ်ငန်းတွေဟာ ခရီးသွားရာသီ ဖြစ်ပေမယ့် ခရီးသွားဝင်ရောက် တည်းခိုမှု နည်းပါးနေတာကြောင့်  အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ မွန်ပြည်နယ် ဟိုတယ်လုပ်ငန်းရှင်တွေက ပြောပါတယ်။

မွန်ပြည်နယ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ  ခရီးသွားဝင်ရောက်မှု အနည်းငယ်ရှိခဲ့ပေမယ့် အခုချိန်မှာတော့ ခရီးသွား ဝင်ရောက်မှု လုံးဝ မရှိသလောက် နည်းပါးနေတာကြောင့် ဟိုတယ်လုပ်ငန်းတွေ အရှုံးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဟိုတယ်လုပ်ငန်းတွေဟာ ခရီးသွားဝင်ရောက်မှု နည်းပါးနေတဲ့အတွက်ကြောင့် ဝန်ထမ်းစရိတ်နဲ့ အထွေထွေကုန်စရိတ် ပြန်ရဖို့ပင် မနည်းရုန်းကန်နေရတယ်လို့ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက အခုလို ပြောပါတယ်။

 “အရှုံးပေါ်နေတယ်လို့ ပြောရမယ်။ဝန်ထမ်းစရိတ်တွေ ပေးရမယ်။ပစ္စည်း ပစ္စယတွေကို ဝယ်ထည့်ရတယ်၊ပြုရတယ်ဆိုတဲ့အခါကျတော့ ကုန်ကျစရိတ်တွေက ကုန်နေပြီး ဝင်ငွေတွေက နည်းနေတာပေါ့”လို့  ဆိုပါတယ်။

ဟိုတယ်လုပ်ငန်းအများစုဟာ ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် တစ်နှစ်ကျော် ပိတ်ထားခဲ့ရာကနေ ပြန်လည် ဖွင့်လှစ်လာကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဟိုတယ်တွေဟာ ခရီးသွားဝင်ရောက်မှု နည်းပါးနေတဲ့အတွက်ကြောင့် ဆက်လက် ရပ်တည်ဖို့ မနည်း ကြိုးပမ်းနေရပါတယ်။

 တစ်ဖက်မှာလည်း ဟိုတယ်တွေမှာ စစ်ကောင်စီက ဧည်စာရင်း ဝင်ရောက်စစ်ဆေးတာနဲ့  လာရောက်တည်းခိုသူတွေကို ဧည့်စာရင်းတိုင်ဖို့ ညွှန်ကြားချက်တွေကြောင့် တည်းခိုမယ့်သူတွေအတွက် အခက်အခဲရှိတယ်လို့ ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက အခုလို ပြောပါတယ်။

 “ဘုရားဖူးအလည်အပတ် အပန်းဖြေခရီးထွက်တာမျိုးနဲ့ တည်းခိုတာ မရှိဘူး။ အလုပ်ကိစ္စပေါ်လာရင်တော့ လာရောက်တည်းခိုတာ အနည်းငယ်ရှိတယ်။ ဒါပေမယ့် ကိုဗစ်မတိုင်ခင်ကနဲ့ ဆိုရင် (ခရီးသွားဝင်ရောက်တည်းခိုမှု) သုံးပုံမှာ တစ်ပုံပဲ ရှိတယ်”လို့ ဆိုပါတယ်။

 ဟိုတယ်လုပ်ငန်းတွေဟာ လက်ရှိမှာတော့ စရိတ်ပြန်ရဖို့ပင် မနည်းကြိုးပမ်းနေရတဲ့အတွက်ကြောင့် ဝန်ထမ်း ထက်ဝက်နီးပါး လျော့ချခဲ့ကြပါတယ်။

အဲ့ဒီလို ဝန်ထမ်းလျော့ချခဲ့လို ဟိုတယ်လုပ်ငန်းအပေါ်မှီခိုနေတဲ့ အလုပ်သမား ရာနဲ့ချီ အလုပ်လက်မဲ့ ဖြစ်ခဲ့ကြပါတယ်။

မွန်ပြည်နယ်မှာတော့ ဟိုတယ်နဲ့ တည်ခိုးခန်းပေါင်း ၁၀၀ နီးပါး ရှိတာ ဖြစ်ပြီး၊ အဲဒီလုပ်ငန်းတွေအပေါ် မှီခိုရပ်တည်နေရတဲ့ မိသားစု ထောင်နဲ့ချီ ရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.