မော်လမြိုင် ၊ ဒီဇင်ဘာ (၃၁)ျ

စစ်အုပ်စုရဲ့ တကျော့ပြန်အာဏာသိမ်းမှုနဲ့ အတူ မြန်မာတနိုင်ငံလုံး ချွတ်ခြုံကျခဲ့သလို မွန်ပြည်နယ်ဟာလည်း ၂၀၂၁ ခုနှစ်အတွင်း မတရားဖိနှိပ်သတ်ဖြတ်မှုတွေကြောင့် အကျည်းတန်မှုတွေနဲ့ အဆုံးသတ်သွားခဲ့တာပါ။


ကိုဗစ်ကပ်ရောဂါ ဒုတိယလှိုင်း ရင်ဆိုင်ပြီးနောက် ၂၀၂၁ ခုနှစ်ကို မျှော်လင့်ချက်များစွာဖြင့် စတင်ဖြတ်သန်းဖို့ တာဆူခဲ့တဲ့ ပြည်သူတွေဟာ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုရဲ့ အာဏာသိမ်းယူမှုကို ခံခဲ့ရတယ်။


အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတော်သမ္မတကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် အာဏာလွှဲပြောင်းပေးဖို့ ဖိအားပေးခဲ့ပြီး အာဏာလွှဲမပေးလို့ နိုင်ငံတော်အာဏာကို လက်နက် အားကိုးနဲ့ မတရားသိမ်းယူခဲ့ပါတယ်။


နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူခဲ့တဲ့ စစ်ကောင်စီဟာ နိုင်ငံတော် သမ္မတ အပါအဝင် အစိုးရအဖွဲ့ တာဝန်ရှိသူတွေကို ဖမ်းဆီးအကျဉ်းချခဲ့ပါတယ်။


မဲမသမာမှု အကြောင်းပြချက်နဲ့ နိုင်ငံတော်အာဏာကို လီဆယ်ရယူခဲ့တဲ့အတွက်ကြောင့် နိုင်ငံတဝန်းက ပြည်သူဟာ အာဏာသိမ်း စစ်ကောင်စီကို လှည်းနေလှေအောင်း မြင်းစောင်းမကျန် လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

 
မွန်ပြည်နယ်၊ မော်လမြိုင်မှာတော့ ဖေဖော်ဝါရီလ ၈ ရက်နေ့ကစပြီး အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်ကြောင်း လမ်းပေါ်ထွက် ဆန္ဒပြခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ သိန်းချီတဲ့ လူအင်အားတွေနဲ့ မွန်ပြည်နယ်တဝန်းမှာ အာဏာသိမ်း စစ်အုပ်စုကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့တာပါ။

 
မွန်ပြည်နယ်ရဲ့ အကြီးမားဆုံးဆန္ဒပြတဲ့နေ့ကတော့ ၂ ငါးလုံးလို့ခေါ်တဲ့ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ဆန္ဒပြပွဲဖြစ်ပြီး ပြည်သူသိန်းချီ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

 


ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာတော့ စစ်အုပ်စုဟာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို ကျဉ်စစ်ကျဉ်မှန်တွေနဲ့ စတင်ပစ်ခတ်နှိမ်နင်းခဲ့ပြီးနောက် မော်လမြိုင်မြို့မှာ ပထမဆုံးသွေးမြေကျမှုအဖြစ် မောင်ဇင်မျိုးသူဟာ နဖူးတည့်တည့် ကျည်ပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။

 
အဲဒီနောက်မှာတော့ စစ်အုပ်စုဟာ ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူတွေကို ပစ်ခတ်ဖြိုးခွင်တာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ အာဏာသိမ်း စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူအယောက် ၂၀ နီးပါး သွေးမြေကျခဲ့ရပါတယ်။


“ ဒါက အာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့ ပြဿနာတွေပဲ ။ ထပ်ဖြစ်လာမယ့် နောက်ဆက်တွဲ အကျိုးဆက်တွေမှာလည်း အာဏာသိမ်း စစ်ကောင်စီမှာပဲ အလုံးစုံ တာဝန်ရှိတယ်။တိုင်းပြည် ချောက်ထဲကျအောင် စစ်ကောင်စီလုပ်တာ ဖြစ်ပါတယ်။အဲ့အတွက် တချိန်ချိန်မှာ စစ်ကောင်စီက တရားရင်ဆိုင်ရမယ် ၊ တာဝန်ယူ ဖြေရှင်းရလိမ့်မယ်”လို့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ကိုဘုန်းမြတ်မိုးက ပြောပါတယ်။

 
မွန်ပြည်နယ်မှာတော့ စစ်အုပ်စုဟာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေနဲ့ သူတို့ကို ဆန့်ကျင်သူတွေကို ဆက်တိုက် ဖမ်းဆီးခဲ့ပါတယ်။ စစ်အုပ်စုဟာ CDM ဝန်ထမ်းတွေ အပါအဝင် အပြစ်မဲ့ ပြည်သူ ၅၀၀ ကျော် ဖမ်းဆီးပြီး အမှုဖွင့် အရေးယူတာတွေ လုပ်ဆောင်ခဲ့ပါတယ်။


စစ်အုပ်စုဟာ နောက်ပိုင်းမှာတော့ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့တဲ့ သပိတ်ခေါင်းဆောင်တွေ အပါအဝင် CDM ဝန်ထမ်းတွေကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က) တပ် ဖမ်းဝရမ်းထုတ်ခဲ့ပြီး၊ CDM ဝန်ထမ်းတွေကို ရာထူးကနေ ထုတ်ပယ်ခဲ့သလို နေအိမ်လိုင်းခန်းတွေကနေ အတင်းအကြပ် ဖိအားပေးပြီး နှင်ချခဲ့ပါတယ်။


ဒါပေမယ့် CDM ဝန်ထမ်းအများစုကတော့ စစ်အုပ်စုကို အသက်ပေးပြီး ဆန့်ကျင်ဖို့အထိ ဆုံးဖြတ်ထားကြပါတယ်။

 
“ ကျွန်မတို့ ဘဝတွေ အသေခံပြီးတော့ပဲဖြစ်ဖြစ် ၊ ကျွန်မတို့ ဘဝတွေ ပြန်မရရင်ပဲဖြစ်ဖြစ် ၊ ကျွန်မတို့ရဲ့ နောက်မျိုးဆက်ဘဝတွေ ဒီမိုကရေစီ စစ်စစ်မှန်မှန်နဲ့  လွတ်လပ်တဲ့နိုင်ငံသားအဖြစ် ခံယူနိုင်ဖို့ ကျွန်မတို့ သေရင် သေသွားပါစေ၊ ကျွန်မတို့ အဆုံးထိတိုက်မှာ” လို့ CDM ကျောင်းအုပ်ဆရာမကြီးတစ်ဦးက ပြောပါတယ်။

 
ဖမ်းဆီးခံရတာတွေ၊ ခြိမ်းခြောက်ခံရတာတွေ၊ ဖိနှိပ်ခံရတာတွေ၊ အစိုးရပိုင်အိမ်ယာတွေကနေ မောင်းထုတ်ခံရတာတွေရှိပေမယ့် CDM ဝန်ထမ်းအများစုဟာ ယနေ့အထိ ခိုင်ခိုင်မာမာနဲ့ စစ်အုပ်စုရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ဖို့ ငြင်းပယ်နေဆဲဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁၂ရက်နေ့ အကြမ်းဖက် ဖြိုခွင်းမှု


အာဏာသိမ်းစစ်အုပ်စုဟာ အများပြည်သူတို့ရဲ့ အသံကို လျစ်လျူရှုပြီး အများပြည်သူတွေကို အကြမ်းဖက်နှိမ်နင်းသတ်ဖြတ်မှုတွေ လုပ်ဆောင်တဲ့ အချိန်မှာပဲ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့ စစ်ကောင်စီလက်ထက်မှာ ပြည်သူတွေ ကိုဗစ်တတိယလှိုင်း ဒဏ်ကို အကြီးအကျယ် ခံစားခဲ့ရတယ်။

 
စစ်ကောင်စီကတော့ မွန်ပြည်နယ်မှာ ကိုဗစ်တတိယလှိုင်း ကာလအတွင်း ပြည်သူ ၁၆၀၀၀ ကျော် ကိုဗစ်ကပ်ရောဂါပိုး ကူးစက်ခံရပြီး အဲဒီထဲမှာ သေဆုံးသူ ၁၄၀၀ နီးပါးရှိတယ်လို့ ဆိုပါတယ်။

 
မြေပြင်မှာတော့ စစ်ကောင်စီရဲ့ ဆေးရုံတွေမှာ တက်ရောက်ကုသရင် ကျန်းမာရေး စောင့်ရှောက်မှု မခံရလို့ နေအိမ်တွေမှာပဲ ကြိတ်ပြီး ကုသခဲ့တဲ့အတွက်ကြောင့် ပြည်သူ ၅၀၀၀ ထက်မနည်း သေဆုံးနိုင်တယ်လို့ ကိုဗစ်အရေးကူညီနေသူတွေက ပြောပါတယ်။


တဖက်မှာတော့ စီးပွားရေးလုပ်ငန်းတွေဟာ စစ်ကောင်စီရဲ့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်နဲ့အတူ စစ်တပ် အာဏာသိမ်းပြီးနောက် ဒေါ်လာတန်ဖိုးမြင့်တက်လာတာ၊ မြန်မာငွေတန်ဖိုး ကျဆင်းလာတာ၊ သွင်းအားစု ကုန်ပစ္စည်းတွေ ဈေးနှုန်း ၂ နီးပါး မြင့်တက်လာလို့ လုပ်ငန်းအများစု ရပ်နားခဲ့ရသလို အလုပ်သမား သောင်းနဲ့ချီပြီး အလုပ်လက်မဲ့ ဖြစ်လာခဲ့တာပါ။


စီးပွားရေးလုပ်ငန်းရှင်တွေကတော့ ဒီအခြေအနေအတိုင်း ဆက်လက် ရင်ဆိုင်နေရမယ်ဆိုရင် မွန်ပြည်နယ်ရဲ့ စီးပွားရေးလုပ်ငန်းတွေ ရေရှည်ရပ်တည်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆိုပါတယ်။


“ အကုန်လုံးက ရှုံးတယ် ။ လုပ်ငန်းအားလုံးကိုတော့ မဆိုလိုဘူး အများစုက ဝန်ထမ်းလုပ်အားခလေး ရဖို့နဲ့ ရှေရည်လုပ်ခဲ့တဲ့ အလုပ်ကို မရပ်ချင်လို့ ထိန်းပြီးသွားနေရတယ်။ ဒီတိုင်းဆို ရှေရှည်မှာတော့ မလွယ်ဘူး”လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။


ဒါ့အပြင် စစ်တပ် အာဏာသိမ်းမှုနဲ့အတူ ကိုဗစ်ကပ်ရောဂါကြောင့် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာတဲ့အတွက်ကြောင့် အခြေခံလူတန်စားပြည်သူတွေဟာ တစ်နေ့ထမင်း တစ်နပ်စားရတဲ့ အဖြစ်ထိ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

 
ဒါပေမယ့် အာဏာသိမ်း စစ်ကောင်စီကတော့ အာဏာရရှိရေးအတွက် ပြည်သူတွေအပေါ် ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး ကန့်သတ်တာအပြင် စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုတွေကို ခါးသည်းစွာ ခံနေရတာပါ။


တဖက်မှာတော့ စစ်ကောင်စီဟာ အာဏာသိမ်းမှုကို လက်မခံတဲ့ ဒေသ PDF တွေ အပါအဝင် အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး တိုက်ခိုက်ချေမှုန်းတာတွေ လုပ်ဆောင်ခဲ့သလို ကူညီပေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်း တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။


စစ်ကောင်စီရဲ့ ထိုးစစ်တွေကြောင့် ကရင်အမျိုးသားအစည်းအရုံ KNU တပ်မဟာ (၁) သထုံခရိုင်မှာ ပြည်သူ ၄၀၀၀ နီးပါ အသက်ဘေးက လွတ်မြောက်ဖို့အတွက် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်။


အခုလို အခြေအနေတွေကို ပြည်သူ ခံစားနေရပေမယ့် အာဏာသိမ်း စစ်ကောင်စီကတော့ အာဏာရရှိရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို ဆက်လက် ကျင့်သုံးနေတာ ဖြစ်ပါတယ်။

 
အပစ်ရပ် ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ပြောခွင့်ရ ခွန်မြင့်ထွန်းကတော့ စစ်ကောင်စီရဲ့ လက်နက်ကိုင်လမ်းစဉ် ကျင့်သုံးနေတာ တိုင်းပြည် ပြဿနာကို ဖြေရှင်းလို့ ရမှာမဟုတ်သလို စစ်ကောင်စီရဲ့ ထွက်ပေါက်တစ်ခုလည်း မဟုတ်ဘူးလို့ မှတ်ချက်ပြုပါတယ်။

 
“ စစ်အာဏာရှင် သံပုံဆွေးကြီးကို တူနဲ့ထုပြီး အပေါက်ဖာနေသလို ဖြစ်နေတာပေါ့။ လက်ရှိအပေါက်ကို ဖာဖို့အတွက် တူနဲ့ထုတော့ နောက်ထပ် အပေါက်တွေ ပိုပိုထွက်လာသလိုပေါ့။ လုံလည်ချာလည်ဖြစ်နေတယ်လို့ ထင်တယ်။ ဒီနည်းလမ်းနဲ့တော့ တိုင်းပြည်ရဲ့ ပြဿနာကို ဖြေရှင်းလို့ မရဘူး။  ဒါဟာ စစ်တပ်အတွက်လည်း ထွက်ပေါက်မဟုတ်ဘူးလို့ ပြောချင်ပါတယ်” လို့ PPST ပြောရေးဆိုခွင့်ရှိသူ ခွန်မြင့်ထွန်းက ပြောပါတယ်။

 
မည်သို့ပင်ဖြစ်စေ ၂၀၂၁ ခုနှစ်ဟာ တိုင်းပြည်နဲ့ပြည်သူတွေရဲ့ ဘဏ္ဍာတွေကို သုံးပြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုရဲ့ အာဏာရူးမက်မှုဟာ ပြည်သူတစ်ရပ်လုံးအတွက် ဒုက္ခအဖုံဖုံ ခံစားခဲ့ရတဲ့ နှစ် တစ်နှစ် ဖြစ်ခဲ့ပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.