မော်လမြိုင် ၊ ဒီဇင်ဘာ (၂၆)

စစ်တပ် အာဏာသိမ်းပြီးနောက် အခြေခံလူတန်းစားပြည်သူတွေဟာ ကုန်ပစ္စည်းဈေးနှုန်း မြင့်တက်လာတာနဲ့အတူ အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးသွားတဲ့အတွက်ကြောင့် ဘဝရပ်တည်ဖို့ ပိုမို ခက်ခဲလာတာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲ စီးပွားရေးရိုက်ခတ်မှုတွေနဲ့အတူ ဘဏ်လုပ်ငန်းအပေါ် ကန့်သတ်မှုတွေကြောင့် စီးပွားရေးလုပ်ငန်းတွေ ဆက်လက်ရပ်တည်ဖို့ အခက်တွေ့လာလို့ လုပ်ငန်းအချို့ ပိတ်သိမ်းပြီး အများစုက ဝန်ထမ်းတွေ လျှော့ချခဲ့လို့ အလုပ်လက်မဲ့ဖြစ်သူက ဆထက်တိုး များလာခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အခြေခံစားသောက်ကုန် ဈေးနှုန်းကလည်း အရင်ထက် နှစ်ဆနီးပါးလောက် မြင့်တက်လာတဲ့အတွက် စားဝတ်နေရေးက ပိုမိုကြပ်တည်းလာတယ်လို့ အလုပ်လက်မဲ့ ပြည်သူတစ်ဦးက အခုလို ပြောပါတယ်။

“အခက်အခဲကတော့ အများကြီးရှိတယ်။ဒီအချိန်မှာ အလုပ်ကလည်းမရှိ။ရှိတဲ့အလုပ်ကလည်း အဆင်ပြေသလိုလုပ်ပေမယ့်လည်း တစ်နေ့စားဖို့အရေးက အဆင်မပြေဘူး။ အရင်တုန်းကဆိုရင် (တစ်ရက်) ၆၀၀၀/၇၀၀၀ ရတဲ့နေရာမှာ အခုလည်းရခဲ့မယ်ဆိုရင်လည်း မ‌လောက်ဘူး”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်ဈေးနှုန်းဟာ ပျှမ်းမျှအားဖြင့် အရင်က တစ်အိတ်ကို ကျပ် (၃၅၀၀၀)သာ ရှိရာမှ အခုအခါ ကျပ် (၃၉၀၀၀)အထိ ဈေးနှုန်း မြင့်တက်လာပြီး စားသုံးဆီတွေကတော့ နှစ်ဆနီးပါး မြင့်တက်ခဲ့ပါတယ်။

ဟင်းသီးဟင်းရွက်တွေမှာဆိုရင်လည်း ဂေါ်ဖီတစ်ပိဿာကို အရင်က ကျပ်(၅၀၀)သာ ရှိရာမှ အခုအခါ ကျပ် (၃၀၀၀)ဝန်းကျင်အထိ အဆမတန် ဈေးနှုန်းမြင့်တက်နေတာ ဖြစ်ပါတယ်။

အခုလို အခြေခံစားသောက်ကုန်တွေဟာ အဖက်ဖက်က ဈေးနှုန်းမြင့်တက်နေလို့ အလုပ်လက်မဲ့ ပြည်သူတွေဟာ စားဝတ်နေရေးအတွက် ထိုင်းနိုင်ငံကို တရားမဝင်သွားရောက်ပြီး အလုပ်အကိုင် ရှာဖွေဖို့ ကြိုးပမ်းလာကြပါတယ်။

ထိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်အရ ယခုနှစ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူတွေ သောင်းနဲ့ချီး ဖမ်းမိခဲ့ပြီး အဲ့ဒီအထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အများစု ပါဝင်နေတယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းတာနဲ့ ကိုဗစ်ကပ်ရောဂါ သက်ရောက်မှုတွေကြောင့် စီးပွားရေးလုပ်ငန်းအများစု ရပ်နားလာကြပြီး အလုပ်သမား ထောင်နဲ့ချီ အလုပ်လက်မဲ့ ဖြစ်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.