မော်လမြိုင် ၊ ဒီဇင်ဘာ (၂၆)

ကရင်ပြည်နယ် အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်မှုတွေ ရှိနေတဲ့အတွက် ထိုင်းကုန်ပစ္စည်းတွေ ဈေးနှုန်း မြင့်တက်လာတယ်လို့ ကုန်သည်တွေက ပြောပါတယ်။


ကရင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့က စတင်ပြီး ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။

 
အဲ့ဒီတိုက်ပွဲတွေကြောင့် မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးကို ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားရလို့ ထိုင်းဘက်က ကုန်ပစ္စည်း တင်ပို့မှု ရပ်တန့်ခဲ့တာ ဖြစ်ပါတယ်။

အဲ့တာကြောင့် ဈေးကွက်မှာ ထိုင်းကုန်ပစ္စည်းတွေ ပြတ်လတ်သွားလို့ ကုန်ဈေးနှုန်းမြင့်တက်လာတာလို့ ကုန်သည် တစ်ဦးက အခုလို ပြောပါတယ်။


“ပစ္စည်း ဝင်ရောက်မှု ကတော့ ဟိုဘက်ကမ်းက အရင်လိုတော့ မဟုတ်တော့ဘူး၊ နည်းနည်းလေးတော့ ဟိုဘက်က ကမ်းပိတ်တယ်လေ၊ ဟိုဘက် ဒီဘက် ပေးကူးမှုတွေက ခဏ ရပ်ထားတယ်လေ၊ ကုန်စည် စီးဆင်းမှုကတော့ အရင်ထက်စာရင် အများကြီး နည်းသွားတယ်၊ ဈေးကတော့ တက်တာပေါ့၊ ပစ္စည်း အရောက် နည်းရင်တော့ ဈေးတက်တယ် ဆိုတာက ကုန်သည် သဘာဝပဲလေ၊ ပစ္စည်းဝင်တာ နည်းတယ် လမ်းကြော အခြေအနေ မကောင်းဘူး၊ ဟိုဘက်ကမ်း ပိတ်တော့ ဟိုဘက်မှာလည်း ဝယ်လို့ မရဘူး၊ ရှိတဲ့ အခါကျတော့ အောက်ရောက်တဲ့ ပစ္စည်းက ဒီအချိန်မှာတော့ ဈေးနည်းနည်း တက်တာပေါ့”လို့ ပြောပါတယ်။

 
ထိုင်းကုန်ပစ္စည်းတွေမှာတော့ အရင်က ဆီ တစ်ပုံးကို ကျပ် ၄၈၀၀၀ သာ ရှိခဲ့ရာမှ  အခုအခါ ကျပ် ၅၀၀၀၀ ကျော်ထိ  ဈေးနှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။

ဒါ့အပြင် တခြား ကုန်ပစ္စည်းတွေကလည်း ကျပ် ၅၀၀ ကနေ ၁၀၀၀ လောက်ထိ အသီးသီး ဈေးနှုန်း မြင့်တက်လာပါတယ်။

အရင်က မြဝတီမြို့ကတဆင့် အနယ်နယ် အရပ်ရပ်ကို နေ့စဉ် ကုန်ကား ရာနဲ့ချီ ထိုင်းကုန် ပစ္စည်းတွေကို သယ်ယူ ပို့ဆောင်ခဲ့ပေမယ့် လက်ရှိ တိုက်ပွဲ အခြေအနေတွေကြောင့် ကုန်ကား ဆယ်ဂဏန်း လောက်နဲ့သာ သယ်ယူပို့ဆောင်နေတာ ဖြစ်ပါတယ်။

 အခုလို ဈေးကွက်မှာ ထိုင်းကုန် ပစ္စည်းတွေ ဈေးနှုန်း မြင့်တက်နေတဲ့အတွက် မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတွေကိုသာ ချင့်ချိန်ပြီး ဝယ်ယူသုံးစွဲ နေရတယ်လို့ အခြေခံပြည်သူ တစ်ဦးက ပြောပါတယ်။

“ဈေးတွေ တက်မယ် ဆိုရင်တော့လည်း ဝယ်သုံးရတာ နည်းသွား မှာပေါ့၊ မရှိမဖြစ်တဲ့ သူမှပဲ ဒီပစ္စည်းကို တအား လိုချင်တဲ့ သူမှပဲ သူတို့ဝယ်လို့ ရမှာပေါ့၊ အမသူငယ်ချင်းတွေ ကြတော့လည်း သူတို့ ဝယ်မရောင်း တော့ဘူးပေါ့ အဲ့တာတွေကို ဈေးတအား များတယ် ဆိုရင်တော့လည်း အဲ့လို ဖြစ်သွားတာပေါ့၊ အမဆိုရင်လည်း မလိုအပ်တဲ့ ဟာဆိုရင် မဝယ်တော့ဘူးပေါ့၊ လိုအပ်တာပဲ ဝယ်ထားတော့တာပေါ့၊ ရှိတဲ့ သူတွေကြတော့ သူတို့ဝယ်မှာပေါ့၊ အမတို့လို့ အခြေခံ လူတန်းစားတွေ ကြတော့လည်း မဝယ်တော့ဘူးပေါ့”လို့ ပြောပါတယ်။

အခုလို တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေမယ်ဆိုရင် သယ်ယူပို့ဆောင်ရ အခက်အခဲ ဖြစ်လာနိုင်လို့ ကုန်ဈေးနှုန်းတွေလည်း ဆက်လက် မြင့်တက် လာနိုင်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ထိုင်းကနေ  မြန်မာနိုင်ငံထဲကို အခြေခံ စားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန် ပစ္စည်းနဲ့ ဆောက်လုပ်ရေးသုံး ပစ္စည်းတွေကို အဓိက တင်သွင်း ရောင်းချနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.