မော်လမြိုင် ၊ ဒီဇင်ဘာ (၂၄)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA ဟာ ချိုးဖောက်ခံရတဲ့ စာချုပ် တစ်ရပ်ဖြစ်သွားပြီးလို့ အပစ်ရပ် ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က ပြောဆိုလိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ အခုနောက်ပိုင်းမှာ NCA စာချုပ် လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ထိန်းချုပ်နယ်မြေထဲကို စစ်အင်းအားတိုးချဲ့ပြီး တိုက်ပွဲတွေ ဆက်လက် ဖော်ဆောင်လာတာ ဖြစ်ပါတယ်။

တိုက်ပွဲတွေ ဖော်ဆောင်ရာမှာလည်း သာလွန်စစ်အင်အားတွေအပြင် လေကြောင်း ပစ်ကူတွေကိုပါ ပိုမို အသုံးပြုလာတာ ဖြစ်ပါတယ်။

အခုလို စစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့် NCA စာချုပ်ဟာ ချိုးဖောက်ခံရတဲ့ စာချုပ် တစ်ရပ်ဖြစ်သွားပြီး၊ စာချုပ် အကောင်အထည်ဖော်ဖို့ကတော့ အင်မတန် ခက်ခဲတဲ့ ကိစ္စရပ် တစ်ခု ဖြစ်သွားပြီးလို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ပြောရေးဆိုခွင့်ရှိသူ ခွန်မြင့်ထွန်းက ပြောပါတယ်။

“ဖေဖော်ဝါရီလ တစ်ရက်နေ့ အာဏာသိမ်းလိုက်တာကိုက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ မဖြေရှင်းတဲ့အတွက် NCA ကို ချိုးဖောက်လိုက်တာပါပဲ။လေးကေကော် ကိစ္စတွေမှာလည်း NCA ကို ချိုးဖောက်တယ်လို့ပဲ ကျွန်တော်တို့ ပြောရမှာဖြစ်တယ်။ NCA က ချိုးဖောက်ခံရတဲ့ စာချုပ်တစ်ရပ် ဖြစ်ပေမယ့်လို့ စာချုပ်က စာချုပ်အတိုင်းပဲ ရှိနေမှာပါ။သို့သော် ပင်လုံစာချုပ်ကို ဒီကနေ့အထိ အကောင်အထည် မဖော်နိုင်သေးသလိုပဲ NCA စာချုပ်ကိုလည်း အကောင်အထည်ဖော်ဖို့က အင်မတန် ခက်ခဲသွားပြီး ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

 ဒါကြောင့် အခုအခြေအနေဟာ NCA စာချုပ်အပေါ် စစ်ကောင်စီရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုဟာ မေးခွန်းထုတ်စရာ ဖြစ်နေပြီး နောက်ပိုင်းမှာ စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်းရမယ့် ကိစ္စရပ်တွေမှာ စိုးရိမ်စရာ ဖြစ်လာတယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားနယ်မြေထဲကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ပြန်လည် ခုခံရုံကလွဲပြီး တခြားမရှိဘူးလို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက မှတ်ချက်ပြုပါတယ်။

“ စကစ ကပိုပြီးတိုးချဲ့ လုပ်ဆောင်လာမယ်ဆိုရင်တော့ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း ပြန်ပြီးတော့ ခုခံကာကွယ်ရမယ် ၊ တော်လှန်ရပါမယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

အပစ်ရပ် ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPSTကတော့ စစ်ကောင်စီအနေနဲ့ တိုင်းရင်းသားထိန်းချုပ်နယ်မြေထဲကို စစ်အင်အားတိုးချဲ့တာနဲ့ စစ်ရေးလှုပ်ရှားမှု ပိုလုပ်လာတဲ့ ကိစ္စရပ်ကို ပြန်လည် သုံးသပ်ဖို့ လိုတယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ဟာ အပစ်ရပ် NCA စာချုပ်မှာ ပါဝင် လက်မှတ်ရေးထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ တစ်ခု ဖြစ်ပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.