မော်လမြိုင် ၊ ဒီဇင်ဘာ (၂၄)

တိုက်ပွဲကြောင့် တိမ်းရှောင်ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေကို ထိုင်းအစိုးရအနေနဲ့ လိုအပ်နေတဲ့ အကူအညီ အပြည့်အဝ ကူညီပေးဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် စစ်ရှောင်အရေး ကူညီပေးနေတဲ့ ကရင်အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

 ဒီဇင်ဘာ ၁၅ ရက်နေ့ကစပြီး လေးကေကော်မြို့သစ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား စတင်ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခကြောင့် လေးကေကော်နဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာ ၈ ရွာက ဒေသခံပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် လေးကေ့ကော်မြို့သစ်နဲ့ ထီးမယ်ဝါးခီးကို ဒီဇင်ဘာ (၂၃)ရက်နေ့ညမှာ စစ်ကောင်စီက လေယာဉ်နဲ့  ဗုံးကျဲပြီး လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့လို့ ညတွင်းချင်းပဲ ဒေသခံတွေဟာ ထိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

တိုက်ပွဲတွေကြောင့် ထိုင်း မြန်မာနယ်စပ်ကနေတစ်ဆင့် ထိုင်းဘက်ကို နယ်စပ်ဖြတ်ကျော်ဝင်လာတဲ့ စစ်ရှောင်ပြည်သူ ၅၀၀၀ ဝန်းကျင်ရှိလာပြီး၊ သောင်းရင်းမြစ်ကမ်းနားမှာရှိနေတဲ့ စစ်ရှောင်တွေအပါအဝင် မြန်မာနိုင်ငံဘက်ခြမ်းမှာ စစ်ရှောင်ဦးရေ ၅၀၀၀ ကျော်ရှိနေတာ ဖြစ်ပါတယ်။

 လက်ရှိမှာတော့ စစ်ရှောင်ပြည်သူတွေ ကူညီရာမှာ နယ်စပ်ဖြတ်ကျော်သွားလာဖို့ အကန့်အသတ်တွေ ရှိနေတာကြောင့် အခက်အခဲတွေ ရှိနေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အခုလို  ပြောပါတယ်။

“ နယ်စပ်ဖြတ်ကျော် ကူညီတာကို နှောင့်နှေးမှုမရှိစေပဲနဲ့ လုပ်ဆောင်နိုင်အောင် တောင်းဆိုတာပေါ့။ အပြည့်အဝ ကူညီပေးရင် ကောင်းတာပေါ့။ လူသားချင်းစာနာထောက်ထားမှု အကူအညီအတွက် ပစ္စည်းတွေက ကားနဲ့အများကြီးပဲ။ တရားဝင်ခွင့်ပြုချက်ရသွားရင် လွတ်လွတ်လပ်လပ် စိုးရိမ်စရာ မရှိဘဲ သယ်လို့ရသွားမယ်။ လုံလုံလောက်လောက် ပို့ပေးနိုင်မယ်။ အခုက အခြေအနေနဲ့ အချိန်အခါကို ကြည့်ပြီးမှ လမ်းကြောင်းရှာရတယ် ပို့ရတယ်ဆိုတော့ နှောင့်နှေးမှုရှိတယ်၊ ပံ့ပိုးပေးနိုင်မှုကလည်း အကန့်အသတ်ရှိတယ်” လို့ ဆိုပါတယ်။

 ဒါ့အပြင် ထိုင်းဘက်ကို တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို အခြေအနေမတည်ငြိမ်သေးခင်  ထိုင်းအစိုးရအနေနဲ့ နေရပ်ကို ပြန်လည်မပို့ဆောင်ဖို့လိုအပ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထိုင်းအစိုးရအနေနဲ့ နယ်စပ်ဖြတ်ကျော်ရေး အကူအညီတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပိုမိုလက်တွဲဆောင်ရွက်ဖို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)က တောင်းဆိုထားတာ ဖြစ်ပါတယ်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN)အဖွဲ့ကလည်း ထိုင်းအစိုးရအနေနဲ့ စစ်ရှောင်ဒုက္ခသည်တွေအပေါ် ခိုလှုံခွင့်ပေးဖို့နဲ့ လူသားချင်းစာနာမှု အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေကို ထိုင်းအစိုးရအနေနဲ့ အထောက်အကူပြုပေးဖို့၊ ကရင်ပြည်နယ်ဘက်ခြမ်းမှာ ကျန်ရှိနေတဲ့ စစ်ရှောင်တွေထံ အကူအညီတွေပို့ဆောင်ရာမှာလည်း ခွင့်ပြုပေးဖို့ တောင်းဆိုထားပါတယ်။

စစ်ကောင်စီရဲ့ထိုးစစ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူ ၁၀၀၀၀ ကျော်အတွက် လူသားချင်းစာနာမှု အကူအညီနဲ့ အကာအကွယ်တွေ အရေးပေါ်လိုအပ်နေပြီး စစ်ရှောင်တွေမှာ ဝမ်းပျက်ဝမ်းလျှောနဲ့  နှာစေးချောင်းဆိုးစတဲ့ ကျန်းမာရေးပိုင်းဆိုင်ရာ ပြသနာတွေနဲ့လည်း ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေတဲ့ ကရင်အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.