မော်လမြိုင် ၊ ဒီဇင်ဘာ (၂၃)

မွန်ပြည်နယ်အတွင်းမှာ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတာကြောင့် အသေးစားနဲ့ အလတ်စား စက်မှု လက်မှုလုပ်ငန်းတွေ လုပ်ငန်းလည်ပတ်ဖို့ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ စက်မှု လုပ်ငန်းရှင်တွေက ပြောပါတယ်။


စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဖြန့်ဖြူးရေးဌာနဟာ အခုအခါ လျှပ်စစ်မီးတွေကို တစ်နေ့ ၂ ကြိမ်နီးပါး ဖြတ်တောက်တာတွေ ရှိနေသလို တစ်ခါ လျှပ်စစ်မီးဖြတ်ရင်လည်း နာရီနဲ့ချီ ကြာမြင့်နေတာကြောင့် လုပ်ငန်း လည်ပတ်ဖို့ အခက်အခဲတွေ ရှိနေတာ ဖြစ်ပါတယ်။ 


အခုလို လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေတဲ့ အတွက် လုပ်ငန်း လည်ပတ်တဲ့ နေရာမှာ ကြန့်ကြာမှုတွေ ရှိနေပြီး၊ အချိန်ရှုံးဆုံးမှုနဲ့ အပိုကုန်ကျမှုတွေ ရှိနေတယ်လို့ စက်မှု လက်မှု လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။ 

“မီးမလာရင်တော့ အလုပ် ကြန့်ကြာမှု ရှိတာပေါ့၊ ကျွန်တော်တို့ အဓိကတော့ မီးကို အားကိုးပြီး လုပ်နေရတဲ့ အတွက်ကြောင့် အလုပ်ကြန့်ကြာမှု ရှိတယ်၊ နည်းနည်း လေဘာခ ပျောက်တာပေါ့၊ ပုံမှန် ကျွန်တော်တို့က (၂)ရက်ပြီးရမယ့် နေရာမှာ (၂)ရက်ခွဲလောက် လုပ်နေရတဲ့ အနေအထား ဖြစ်တယ်၊ ဖြစ်တော့ (၂)ရက်ခွဲ ဆိုရင် ကျွန်တော်တို့ တစ်မနက်လောက်က အလေအလွင့် ဖြစ်တယ်၊ အလေအလွင့် ဖြစ်တဲ့အလျောက် သူ့ရဲ့ လေဘာခတွေ အချိန်တွေ ရှုံးဆုံးမှု ဖြစ်တာပေါ့၊ လက်ရှိ မီးစက်တော့ အရန် အနေအထားနဲ့ သုံးနေရတယ်၊ နည်းနည်းလေး ဝိတ်တက်တာပေါ့ မီးစက်သုံးတဲ့ အခါကျတော့ ကျွန်တော်တို့က ဆီကုန်တယ်လေ”လို့ ပြောပါတယ်။


ဒါ့အပြင် အရင်က လျှပ်စစ်မီးဖြတ်တောက်မယ်ဆိုရင် အသိပေးတာရှိလို့ လုပ်ငန်းလည်ပတ်တဲ့ နေရာမှာ ပြင်ဆင်ချိန်ရကြပြီး၊ လက်ရှိမှာတော့ အကြောင်းကြားခြင်း မရှိဘဲ နေ့တိုင်းနီးပါး ပြတ်တောက်နေတာကြောင့် လုပ်ငန်းတွေ ထိခိုက်နစ်နာလာကြတာ ဖြစ်ပါတယ်။


အသေးစားနဲ့ အလတ်စား စက်မှုလက်မှု လုပ်ငန်းတွေကို တနိုင်တပိုင် လုပ်ကိုင်ကြတာဖြစ်တဲ့ အတွက် ဒီလို လျှပ်စစ်မီးတွေ ပြတ်တောက်နေရင် လုပ်ငန်း အသစ် လုပ်ကိုင်မယ့် သူတွေ လုပ်တော့မှာ မဟုတ်သလို လုပ်ငန်း ရှိပြီးသား သူတွေလည်း ရပ်နားလာနိုင်တယ်လို့ လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။ 


မွန်ပြည်နယ်မှာတော့ လျှပ်စစ်မီးကို မှီခို လုပ်ကိုင်နေရတဲ့ အသေစားနဲ့ အလတ်စား စက်မှု လက်မှု လုပ်ငန်းတွေ ဖြစ်တဲ့ စတီ သံပန်း အလှဆင်လုပ်ငန်းတွေ၊ အမှုန့် ကြိတ်စက်လုပ်ငန်းတွေနဲ့ တခြား လုပ်ငန်းပေါင်း (၂၀၀၀၀)ကျော်ရှိပြီး အဲဒီလုပ်ငန်းတွေကို မှီခိုလုပ်ကိုင်နေကြတဲ့ လုပ်သားပေါင်း သိန်းချီ ရှိတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.