မော်လမြိုင် ၊ ဒီဇင်ဘာ (၂၃)

ပြည်ပအဝယ်နည်းနေတဲ့အတွက်ကြောင့် မွန်ပြည်နယ်ထွက် မတ်ပဲနဲ့ ပဲပုတ်ဟာ ပြီးခဲ့တဲ့ ၃ လနဲ့ နှိုင်းယှဉ်ရင် တစ်တင်းကို ကျပ် တစ်သောင်း ကျော်ထိ ဈေးနှုန်းကျဆင်းလာတယ်လို့ ပဲလုပ်ငန်းရှင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလမှာ တစ်တင်း ကျပ် ၅၀၀၀၀ ကျော်ထိ  ရှိခဲ့တဲ့ မတ်ပဲဟာ ဒီဇင်ဘာလမှာတော့ တစ်တင်း ကျပ် ၄၀၀၀၀ ထိ ဈေးနှုန်းလာဆင်းလာတာ ဖြစ်ပြီး၊ ပဲပုတ်ကလည်း တစ်တင်းကို ကျပ် ၅၀၀၀၀ ကျော်ကနေ ကျပ် ၃၇၀၀၀ ထိ ဈေးနှုန်း ကျဆင်းလာတာ ဖြစ်ပါတယ်။

မတ်ပဲနဲ့ ပဲပုတ်ဈေးနှုန်းဟာ ဒေါ်လာဈေး အနည်းငယ် ကျဆင်းမှုနဲ့အတူ ပြည်ပ အဝယ်နည်းပါးနေတဲ့အတွက်ကြောင့် ဈေးနှုန်းကျဆင်းလာတာ ဖြစ်တယ်လို့ ပဲလုပ်ငန်းရှင် တစ်ဦးက အခုလို ပြောပါတယ်။

 “မတ်ပဲပြန်ထွက်ရင်လည်း တစ်ပိဿာ ၂၀၀၀ အောက် ထပ်ကျမှာပေါ့။ဒါက ဖြစ်ရိုးဖြစ်စဉ်ပဲ ပစ္စည်းအထွက်များရင်။အိန္ဒိယအပေါ်လည်း မူတည်တယ်။အိန္ဒိယလိုအပ်ချက်ရှိမှ စျေးပေးပြီးဝယ်တဲ့အတွက် လိုအပ်ချက်မရှိတော့လည်း စျေးသိပ်မရှိဘူးပေါ့”လို့ ပဲမျိုးစုံနဲ့ နှမ်းကုန်သည် လုပ်ငန်းရှင်က ပြောပါတယ်။

 အခုအခါ ပဲဈေးနှုန်းဟာ ပြည်တွင်းဈေးကွက်ကို မှီခိုနေရတဲ့အတွက်ကြောင်း အရောင်းအဝယ် အေးနေပါတယ်။

ဒါပေမယ့် အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံရဲ့ ပဲတင်သွင်းခွင့်ကို ၂၀၂၂ ခုနှစ် မတ်လအကုန်ထိ း ပေးအပ်ထားတဲ့အတွက်ကြောင့် ပဲဈေးနှုန်း ထပ်ကျဖို့ မရှိဘူးလို့ ပဲလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“အိန္ဒိယရဲ့ ပေါက်စျေးပေါ်မှာ ပုံမှန်ရောင်းဝယ်ဖို့ပဲ။စိုက်တဲ့တောင်သူတွေအတွက် အာမခံချက်တစ်ခု ရှိသွားတာပေါ့။စျေးနှုန်းကလည်း ငွေလဲတဲ့စျေးနှုန်းလေးတွေ ခံနေတဲ့အခါကျတော့ ပြည်တွင်းစျေးက တအားကြီးမကျနိုင်ပါဘူး”လို့ သူက ပြောပါတယ်။

 လက်ရှိမှာတော့ ပဲစိုက်တောင်သူတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် သွင်းအားစု ကုန်ပစ္စည်းတွေဖြစ်တဲ့ ဓာတ်မြေသြဇာ၊ ဆေးဝါးနဲ့ စက်သုံးဆီဈေးနှုန်း အပါအဝင် အထွေထွေကုန်ကျစရိတ် ကြီးမြင့်မှုကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီ လက်အောက်ခံ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ချေးငွေပြန်မဆပ်နိုင်တဲ့ တောင်သူတွေကို ဆောင်းသီးနှံချေးငွေ ထုတ်မပေးတဲ့အတွက်ကြောင့် ငွေကြေးအခက်အခဲတွေလည်း ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.