မော်လမြိုင် ၊ ဒီဇင်ဘာ (၂၃)

ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းက စစ်ရေးပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင်ပြည်သူတွေအတွက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

 ဒီကနေ့မှာတော့ မြဝတီမြို့နယ် သေဘောဘိုးကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ရွာသူရွာသားတွေဟာ ထိုင်းနိုင်ငံဘက်ကို ထပ်မံတိမ်းရှောင်ထွက်ပြေးနေရတာ ဖြစ်ပါတယ်။

 တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် လတ်တလောမှာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ နေရာထိုင်ခင်းနဲ့ စောင်ခြင်ထောင်တွေ အဓိကလိုအပ်နေပြီး အိမ်သာမရှိတာကြောင့် နယ်စပ်နှစ်ဘက်စလုံးမှာရှိတဲ့ စစ်ရှောင်တွေကြားမှာ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားနိုင်တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ပြောခွင့်ရ စောနန္ဒဆူးက ဆိုပါတယ်။

“ စားနပ်ရိက္ခာနဲ့နေရာထိုင်ခင်း အပြည့်အဝရဖို့ လိုအပ်နေတယ်။ ထိုင်းဘက်ကို လူ (၁၅၀၀)လောက် ထပ်ကူးလာတော့ ကျွန်တော်တို့ ပြင်ဆင်ထားတဲ့ ရိက္ခာတွေတောင် ပြတ်လတ်နေပြီး။ ခေါက်ဆွဲခြောက်တို့နဲ့ ရေသန့်ဘူးတွေလည်း လိုအပ်တယ်။ လူဦးရေထောင်ချီ စုပြုံပြီးတော့ အိမ်သာမရှိတဲ့အခါကျတော့ ဝမ်းပျက်ဝမ်းလျှောဖြစ်မှာကိုလည်း ကျွန်တော်တို့ စိုးရိမ်တယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် ထိုင်းကိုရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေနဲ့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ စစ်ရှောင်တွေကို ထိုင်းအစိုးရအနေနဲ့ ကူညီဆောင်ရွက်ပေးဖို့ အပါအဝင် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း ချိတ်ဆက်ကူညီဆောင်ရွက်ပေးဖို့ ကရင်လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုထားပါတယ်။

ကရင်ပြည်နယ်မှာတော့ လေးကေကော်တိုက်ပွဲပြီးနောက် ကော့ကရိတ်ဘက်မှာလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားလာတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.