မော်လမြိုင် ၊ ဒီဇင်ဘာ (၂၂)
ဖမ်းဆီးထားတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို အာဏာသိမ်း စစ်ကောင်စီက အမှု ၃ မှု ထပ်တိုး ဖွင့်လှစ်ထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) ၊ ပုဒ်မ ၁၇၁ (စ) အပါအဝင် အမှု ၃ မှု ထပ်တိုးဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။
ဒါကြောင့် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် အမှုပေါင်း ၁၃ မှုထိ ဖွင့်လှစ်ခံထားရတာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ စစ်ကောင်စီက CDM လှုပ်ရှားမှုမှာ ဝန်ထမ်းတွေ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲဖြင့် ပုဒ်မ ၅၀၅ (ခ) နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ထားတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ အမှု ၉ မှု ဖွင့်လှစ်ထားတာ ဖြစ်ပြီး အဲဒီအဂတိမှုတွေအတွက် လာမယ့် ရုံးချိန်းမှာ နှစ်ဖက် လျှောက်လဲချက်ပေးဖို့ ရှိနေတာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်