မော်လမြိုင် ၊ ဒီဇင်ဘာ (၁၇)
မွန်ပြည်နယ်အတွင်းက ကျောက်မိုင်းလုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ယမ်းသုံးစွဲခွင့် ကန့်သတ်ခံရတဲ့အတွက်ကြောင့် လုပ်ငန်းအများစု ရပ်နားထားရတယ်လို့ ကျောက်မိုင်းလုပ်ငန်းရှင်တွေက ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ အစိုးရက တရားဝင်ခွင့်ပြုထားတဲ့ ကျောက်မိုင်းလုပ်ငန်း (၁၃၀)နီးပါး ရှိပြီး နှစ်စဥ် ကျောက်တန်ချိန် ထောင်နဲ့ချီ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။
အဲ့ဒီ ကျောက်မိုင်းလုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက်မှာတော့ ယမ်းသုံးစွဲခွင့် ကန့််သတ်ခံရတဲ့အတွက်ကြောင့် ကျောက်ထုတ်လုပ်ဖို့ အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။
အခုလို ယမ်း သုံးစွဲခွင့် ကန့်သတ်ခံရလို့ ကျောက်ထုတ်လုပ်မှုတွေ လျှော့ချလာသလို အများစုကတော့ လုပ်ငန်းတွေ ရပ်နားထားကြတယ်လို့ လုပ်ငန်းရှင်တစ်ဦးက အခုလို ပြောပါတယ်။
“ ထွေအုပ်မှာတော့ လိုင်စင်သက်တမ်းတိုးရတယ်။ ကျောက်မိုင်းထုတ်လုပ်ဖို့ကျတော့ ယမ်းကို ကန့်သတ်ထားရတယ်။ ကျွန်တော့် ကျောက်မိုင်းဆို ဇူလိုင်ကနေ နိုဝင်ဘာအထိ ၈ ကျင်းပဲ ထုတ်နိုင်တယ်” လို့ ဆိုပါတယ်။
ကျောက်မိုင်းလုပ်ငန်းရှင်တွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ကျောက် တစ်ကျင်း ထုတ်လုပ်မှုကို ကျပ် ၂၅၀၀ ကနေ ကျပ် ၅၀၀၀ ထိ တိုးမြှင့်လိုက်တဲ့အတွက်ကြောင့် အခွန်ကြီးမြှင့်မှုကိုလည်း ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
အခုလို အခြေအနေတွေကြောင့် စျေးကွက်မှာ ကျောက်အရောင်းဝယ် အေးနေတယ်လို့ လုပ်ငန်းရှင်တစ်ဦးက အခုလို ပြောပါတယ်။
“ ပိတ်သိမ်းတာက အရောင်းအဝယ် မဖြစ်လို့ပါ ။ ယမ်းကလည်း ရမယ် မရမယ် မသိဘူး။ အခွန်ကလည်း အပြည့်ဆောင်ရတယ်။ လုပ်ငန်းတွေက ထင်သလောက် မဖြစ်တော့ ပိတ်ထားရတယ်” လို့ ဆိုပါတယ်။
ကျောက်မိုင်းလုပ်ငန်းတွေ ရပ်နားထားရတဲ့အတွက်ကြောင့် အဲ့ဒီလုပ်ငန်းအပေါ် မှီခိုရပ်တည်နေရတဲ့ အခြေခံအလုပ်သမား ထောင်နဲ့ချီပြီး မိသားစု စားဝတ်နေရေး ပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
မွန်ပြည်နယ်မှာတော့ ကျောက်မိုင်းလုပ်ငန်း ၁၃၀ နီးပါးရှိနေတာဖြစ်ပြီး၊ အဲဒီထဲမှာ သစ်တောဦးစီးဌာနက လိုင်စင်ချထားပေးတဲ့ ကျောက်မိုင်းလုပ်ငန်း ၂၄ ခု နဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လိုင်စင်ထုတ်ပေးထားတဲ့ ကျောက်မိုင်းလုပ်ငန်း ၁၀၀ ကျော် ရှိနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်