မော်လမြိုင် ၊ ဒီဇင်ဘာ (၁၆)

မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီး ၁၀ လကျော် ကာလအတွင်းမှာ အစိုးရဆေးရုံတွေရဲ့ ပြည်သူတွေအပေါ် ကျန်းမာရေး စောင့်ရှောက်မှု ထက်ဝက်ကျော် ကျဆင်းလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် လူထု အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM လုပ်ထားတဲ့အတွက် သူတို့ နေရာတွေမှာ စစ်ကောင်စီက အစားပြန်ထိုးနိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။

လက်ရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်နဲ့ သူနာပြု မလုံလောက်မှုတွေကြောင့် ကျန်းမာရေး စောင့်ရှောက်မှု ကျဆင်းလာတာ ဖြစ်ပါတယ်။

ပြည်သူ့ဆေးရုံက ဝန်ထမ်းတွေဟာ ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးတဲ့နေရာမှာ အရင်လို ကုသမှုတွေ မပေးတော့ဘဲ ဝတ္တရားကျေ လောက်သာ ကုသပေးနေပြီး ကျန်းမာရေး ဝန်ဆောင်မှုအနေနဲ့ ထက်ဝက်ကျော် ကျဆင်းလာတယ်လို့ ဆေးကုသမှု ခံယူနေရသူတွေက အခုလို ပြောပါတယ်။

“ဆေးရုံကတော့ ကွာတယ်၊ ကွာတယ်ဆိုတာ တော်တော်ကွာတယ်၊ ကွာတယ်ဆိုတာ အရင်လို မဟုတ်တော့ဘူး၊ ဟိုညကဆို ကျွန်တော်တို့ ရန်ပါ ဖြစ်ပြီးသွားပြီး၊ ဆရာဝန်တွေကလည်း အခုဟာက ဝတ္တရားကျေပဲ လုပ်နေတဲ့ ပုံစံတွေ ဖြစ်နေတယ်၊ အရင်လို စေတနာ မပါကျတော့ဘူး၊ နည်းနည်းတော့ ကွာသွားတာပေါ့ ဘာဖြစ်လိုဆို အခုချိန်က လူအင်အား မလောက်တာလည်း ပါမယ်၊ သူနာပြုတို့ ဆရာဝန် အင်အားနည်းတော့ သူ့တို့ အဆင်မပြေဘူးပေါ့၊ ကျွန်တော်ရဲ့ အမြင်ကတော့ တစ်ဝက်လောက် ကျတယ်”လို့ ဆိုပါတယ်။

ပြည်သူ့ဆေးရုံတွေမှာ ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေး ကျဆင်းလာတဲ့အတွက် ပြည်သူတွေ ဆေးကုသမှု ခံယူတဲ့ နေရာမှာ အခက်အခဲတွေ ရှိလာသလို အရေးပေါ် လူနာတွေမှာလည်း ချက်ချင်း ကုသမှု မခံရလို့ သေဆုံးမှုတွေလည်း ဖြစ်ပေါ်နေပါတယ်။

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကတော့ ဆေးရုံအားလုံးကို ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတယ်လို့ ဆိုပါတယ်။

ဒါ့ပေမယ့် ဝန်ထမ်းအင်အား မလုံလောက်မှုကြောင့် ကျန်းမာရေး စောက်ရှောက်မှုပေးတဲ့နေရာမှာ အခက်အခဲတွေ ရင်ဆိုင်ရတယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီကို သပိတ်မှောက်တဲ့ ဝန်ထမ်းတွေထဲမှာ ရာခိုင်နှုန်းအရ ကျန်းမာရေး ဝန်ထမ်းတွေက အများဆုံးဖြစ်ပြီး ဒုတိယကတော့ ပညာရေး ဝန်ထမ်းတွေ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.